Tuesday 1 July 2014

"ထင်ချင်သလို ထင်တဲ့စိတ်"



မိမိ မှာရယ်စရာတွေ မကြာခဏပြောတတ်တဲ့ ဓမ္မမိတ်ဆွေ တယောက်ရှိပါတယ်။ သူပြောဘူးတဲ့ဇတ်လမ်း လေးတခုကို ပြန်ပြီး ပြောပြ ချင်ပါတယ်။ ကြားဖူးပြီးသားဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။
တခါက စိတ်ရောဂါကု ဆေးရုံတခုမှာ စိတ်ရောဂါသည် လူနာသုံးဦးကို စိတ်ကုဆရာဝန်တွေက ဆေးကုသမှု တစ်လပေးပြီး တိုးတက်မှု ရှိမရှိပြန်ပြီး စစ်ဆေးကြပါတယ်။

လူနာသုံးယောက်က ဆရာဝန်တွေရှေ့မှာ ခုံကလေးတွေနဲ့ ထိုင်ပြီး ဆရာဝန်တွေမေးတာကို ဖြေရပါတယ်။ ပထမဆုံးလူနာကို ဆရာဝန်က မေးခွန်းတခု မေးလိုက်ပါတယ်။
"သုံးသုံးလီ ဘယ်လောက်လဲ"

လူနာက ပြန်ဖြေပါတယ် "ကြာသာပတေးပါဆရာ"

အနည်းငယ် စိတ်ပျက်သွားတဲ့ စိတ်ကုဆရာဝန်က ဒုတိယလူနာကို ဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
"သုံးသုံးလီ?" "၆၅၀ ပါဆရာ"

စိတ်ဓာတ်ကျသွားတဲ့ ဆရာဝန်တွေဟာ တတိယမြောက် လူနာကိုစိတ်မပါ လက်မပါနဲ့ ဝတ္တရားကျေ ဆက်မေးလိုက်တဲ့အခါ… "ကိုး ပါဆရာ"
ထခုန်မိမတတ် ပျော်သွားကြတဲ့ ဆရာဝန်တွေဟာ ဝမ်းသာ အားရနဲ့ တတိယလူနာကို ဝိုင်းပြီး ဆက်မေးကြပါတယ်။
"တော်လိုက်တာကွာ သုံးသုံးလီကိုးရအောင် မင်းဘယ်လို တွက်လိုက်တာလဲ"
"ဆရာကလဲ ဘာခက်တာ မှတ်လို့။ ကြာသာပတေးထဲက ၆၅၀ကို နှုတ်လိုက်ရင် ကိုးရတာပဲပေါ့။"
ဆရာဝန်တွေ အကုန် ပက်လက်လန်ကုန်ကြပါတယ်။ လူနာတွေလည်း နောက်ထပ်တစ်လ ဆေးတွေသောက်ပြီး နောက်တစ်ခါ သုံးသုံးလီကို ပြန်ဖြေကြရအုံးမှပါပဲ။

အံ့သြစရာကောင်းတာတခုကတော့ အဲဒီ စစ်ဆေးတဲ့ စိတ်ကုဆရာဝန်တွေကိုယ်တိုင် သုံးသုံးလီ ကိုးဆိုတဲ့ အဖြေမှန်ကို သိပေမဲ့ သုံးသုံးလီ ကိုးရဖို့ သုံးသုံးခါပေါင်းရတယ်ဆိုတဲ့ တွက်နည်းကို မသိကြပါဘူးတဲ့။

သူပြောတဲ့ဇာတ်လမ်းက ဒီမှာတင်ပြီးသွားပေမဲ့ မိမိကတော့ အတွေးတွေ ဆက်နေမိပါတယ်။

မိမိတို့ဘဝထဲမှာလည်း အဲဒီလိုပဲ။ မေးခွန်းပေါင်း များစွာနဲ့ လောကဓံက စာမေးပွဲတွေ စစ်တတ်ပါတယ်။ ဖြေခဲ့ပေါင်းလည်း များလှပါပြီ။ အဲဒီလိုဖြေကြတဲ့နေရာမှာ ခုနက ဇာတ်လမ်းထဲက ပထမလူနာ နှစ်ယောက်လို ထင်ချင်သလို ထင်ပြီး ရမ်းဖြေခဲ့တာလား။ တတိယလူနာလို ကံကောင်းလို့ အဖြေမှန်ပေမဲ့ ထင်ချင်သလို ထင်ပြီး ရမ်းတွက်ခဲ့တာလား။ စိတ်ကုဆရာဝန်တွေလို အဖြေတော့ ကျက်ထားလို့ သိပေမဲ့ တွက်နည်း မသိတာကော မဖြစ်နိုင်ဘူးလား။
အာရုံတွေက စစ်နေတဲ့ စာမေးပွဲ အသေးလေးတွေမှာ မိမိအနေနဲ့ အောင်တာများသလား။ ကျတာများသလား ဆိုတာ ပြန်စီစစ်ကြည့်မိပါတယ်။ မိတ်ဆွေများကိုလည်း ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်စေချင်ပါတယ်။ အမှတ်ပေးစည်းမျဉ်းကတော့ ဆုံတဲ့အာရုံတွေနဲ့ ကုသိုလ်ဖြစ်ရင် အောင်တယ်။ အကုသိုလ်ဖြစ်ရင် ကျတယ်။

လောကအကျိုး သာသနာအကျိုး ဟိုအကျိုး ဒီအကျိုးဆိုတဲ့ ခေါင်းစဉ်တွေ ကောင်းတာနဲ့ မဆိုင်ဘူးနော်။ ဓမ္မသဘာဝတွေကတော့ ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုတဲ့ ဆင်ခြေတွေကိုလည်း ငဲ့နေမှာ မဟုတ်ပါဘူး။ ဘယ်ခေါင်းစဉ် အောက်မှာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဆင်ခြေတွေ ပေးပေး ကုသိုလ်ဖြစ်ရင် အောင်မယ်။ အကုသိုလ်ဖြစ်ရင် ကျပါတယ်။

တချို့လူတွေဟာ ထင်ချင်သလို ထင်ပြီး ရမ်းဖြေနေကြပါတယ်။ တချို့အဖြေသိပေမဲ့ တွက်နည်း မသိပါဘူး။ စာမေးပွဲမှာတော့ နှစ်မျိုးလုံးကျမှာပါပဲ။ မိစ္ဆာဒိဌိဆိုတဲ့ ထင်ချင်သလိုထင်တတ်တဲ့ စိတ်ဟာ မိမိတို့ကို ဘဝထဲမှာ အခက်အခဲများစွာဖြစ်စေ တတ်ပါတယ်။

တစ်ခုခု သိလိုက်ကြားလိုက်တာနဲ့ အကျင့်ပါတဲ့စိတ်က ထင်ချင်သလို ထင်လိုက်ပါတယ်။ ငါထင်တာ မလွဲဘူး ဆိုပြီး အဲဒီအထင်ကို အရင်းအနှီးပြုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလိုက် ပြန်ပါတယ်။ အဲဒီကတဆင့် ကာယကံ ဝစီကံ မနောကံအမှားအယွင်းတွေ ထပ်မံပြုရင်း အကုသိုလ် အကြွေးတွေ တင်စေပါတယ်။

ထင်ချင်သလို ထင်လိုက်တာ တစ်ခု မတော်တဆ မှန်သွားတယ် ဆိုရင်တောင် အဲဒီထင် ချင်သလို ထင်တတ်တာကိုက မှားယွင်းမှု တစ်ခုပါပဲ။ မိစ္ဆာဒိဋ္ဌိပါပဲ။ အမှန်ကို မသိလို့သာ ထင်ချင်သလို ထင် တတ်တဲ့စိတ်တွေ အားကောင်းနေတာပါ။
အမှန်သိတဲ့သူဟာ ကိလေသာနဲ့ ထင်ချင်သလို မထင်တော့ပါဘူး။ မိစ္ဆာဒိဌိဆိုတဲ့ အမြင်မှားကို သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်နဲ့ အစားထိုးနိုင်ပြီ ဖြစ်တာမို့ သူကတော့ ဂုဏ်ထူးထွက်တဲ့ ကျောင်းသားလို့ ပြောရမှာပါပဲ။
အချိန်းအချက်မရှိတဲ့ Final Exam: ကိုတစ်နေ့ မဟုတ် တစ်နေ့ မိမိတို့ သေချာပေါက် ဖြေကြရမှာပါ။ အဲဒီစာမေးပွဲကို မကြာခင် ဖြေရတော့မဲ့ မိမိကိုယ်ကို မေးခွန်းတွေ များစွာ ပြန်မေးနေမိပါတယ်။
စာတွေ လေ့ကျင့်ခန်းတွေ သေချာပိုင်ပြီလား။ အဖြေတွေ သိတယ်ဆိုရင်လည်း တွက်နည်းပါ သေချာသိတာ ဟုတ်ရဲ့လား။ ကြားဘူးနားဝနဲ့ ကိုယ့်ကိုယ်ကို ထင်ချင်သလို ထင်ပြီး တကယ် မဟုတ်ဘဲ အဟုတ် ထင်နေမယ် ဆိုရင်တော့ စာမေးပွဲခန်းထဲရောက်မှ ဒုက္ခရောက်ပါလိမ့်မယ်။

သူများတွေ တပ်ပေးတဲ့ဆိုင်းဘုတ်နဲ့ သူများတွေ ပြောတဲ့ ချီးမွမ်းစကားတွေနဲ့ ကျေနပ်နေမယ် ဆိုရင်လည်း မဟုတ်လို့ကတော့ ကိုယ်သာ အရှုံးကြီးရှုံးလို့ နစ်နာရပါလိမ့်မယ်။
ထင်ချင်သလို ထင်တတ်တဲ့ အကျင့်တွေ အားကောင်းပြီး ရမ်းဖြေမယ် ဆိုရင်တော့ ဒီစာမေးပွဲမှာ အောင်ဖို့ မလွယ်ပါဘူး။

တသက်လုံး ကိလေသာအကြွေး အကုသိုလ်ကံ အကြွေးတွေ ဖြစ်စေခဲ့တဲ့ ထင်ချင်သလို ထင်တတ်တဲ့ ဒီစိတ်ဟာ နောက်ဆုံးစာမေးပွဲအထိ မိမိတို့ကို လမ်းလွဲရောက်အောင်၊ အမှားတွေ ဖြေအောင်၊ ဘုံဌာနတွေ နိမ့်ကျအောင် ပို့ဆောင် ပေးတော့မှာပါ။
ဒီမေးခွန်းတွေဟာ မိမိအပါအဝင် ပုထုဇဉ် အားလုံးနဲ့ ဆိုင်တဲ့ မေးခွန်းတွေပါ။ ဒီFinal Exam ဟာ ညာလို့ မရပါဘူး။ ဘက်မလိုက်ပါဘူး။ ပြန်လည်ဖြေဆိုခွင့် ဆိုတာလည်း တစ်ခါတလေ အခန့်မသင့်ရင် ကမ္ဘာနဲ့ချီပြီး ကြာသွားတတ်ပါတယ်။ ဒီစာမေးပွဲကို အနည်းဆုံးတော့ အောင်မှတ်ရအောင် ဖြေစေချင်ပါတယ်။ ဂုဏ်ထူးလည်း ထွက်စေချင် ပါတယ်။
ထင်ချင်သလို ထင်တတ်တဲ့ အကျင့်တွေနည်းပါးအောင် လေ့ကျင့်ဖို့ကတော့ ဘုရားရှင်ဟောကြား ထားတဲ့ သီလ သမာဓိ ပညာ အကျင့်ကို ကျင့်ဖို့ပါပဲ။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားတဲ့ အကျင့်တွေနဲ့ အားထုတ်နေဖို့ပါပဲ။ မိမိစိတ်မှာမဂ္ဂင် ရှစ်ပါးနဲ့ ပြည့်စုံတဲ့ အရည်အသွေးတွေ အားကောင်းအောင် လေ့ကျင့်နေဖို့ ပါပဲ။

ဘဝထဲမှာ အပ္ပမာဒ-သတိနဲ့ ဘုရားဟောသလို နေထိုင် အသက်ရှင်သွားဖို့ပါပဲ။
အဲဒီလိုသာ ဘဝထဲမှာ သတိနဲ့ နေတတ်သွားသူဟာ Final exam မှာ မဖြေတတ်မှာ မဖြေနိုင်မှာကို ပူစရာတောင် မလိုတော့ပါဘူး။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဘုရားရှင်ရဲ့ သာသနာနဲ့လည်း ဆုံတွေခွင့်ရနေပါတယ်။
တရားအားထုတ်လို့ ရနိုင်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့လည်း ပြည့်စုံနေပါတယ်။ အခုချိန်အထိ ကျန်းမာရေးကလည်း ကောင်းမွန်နေပါသေးတယ်။ တရားအစစ်အမှန်တွေလည်း မကွယ်မပျောက် ရှိနေပါသေးတယ်။ နည်းမှန်လမ်းမှန်နဲ့ လမ်းပြနိုင်တဲ့ ဆရာကောင်းတွေနဲ့လည်း သင်ယူခွင့်ရနေပါပြီ။

အခုလောက် ကောင်းတဲ့ အခွင့်အရေးမျိုးတွေ နောင် ဘယ်တော့မှ မရနိုင်တော့ပါဘူး။ သီလ၊သမာဓိ၊ပညာအကျင့်တွေကို အခုလို စွမ်းနိုင်တုံးမှာ အခြေခံကစပြီး မှန်ကန် ပြည့်စုံစွာနဲ့ စွဲစွဲမြဲမြဲ စိတ်ပါလက်ပါသာ လေ့ကျင့် မယ်ဆိုရင် အောင်ဖို့အတွက် ပူစရာမလိုသလို ဂုဏ်ထူးထွက်ဖို့ အတွက်လည်း မခက်တော့ပါဘူး။ ဒီစကားဟာ ဘုရားရှင်ကိုယ်တော်တိုင် အာမခံထားတဲ့ စကားမို့ ထင်ချင်သလို ထင်တတ်တဲ့ စိတ်တွေ မရှိအောင် တရားတော်ကို ယုံကြည်စွာ အားထုတ်ကြဖို့ အကြံပြုပါရစေ။
မိတ်ဆွေများကို ဘဝထဲမှာကြိုက်စရာ မကြိုက်စရာ လို့ သတ်မှတ်ထားတဲ့ အာရုံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် လောကဓံ အကောင်းအဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ ဆုံသမျှနဲ့ ကုသိုလ်ဖြစ်အောင် နေနိုင်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ ထင်ချင်သလို ထင်တတ်တဲ့ စိတ်တွေကို ပယ်နိုင်ပြီး တွက်နည်းကော အဖြေပါသိတဲ့ ငြိမ်းအေးတဲ့ သူတွေ ဖြစ်စေလိုပါတယ်။ အဲဒီစေတနာတွေကို အကြောင်းပြုပြီး ဒီစာကို ရေးရပါတယ်။
ထင်ချင်သလို ထင်နေသ၍တော့ အမှန်ကိုသိနိုင်မှာ မဟုတ်ပါဘူး။
အမှန်ကို မသိသ၍ ငြိမ်းအေးဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။
တကယ်တော့ ကိလေသာနဲ့ ထင်ချင်သလို မထင်လေလေ အမှန်ကို သိလေလေ။
အမှန်ကို သိလေလေ ငြိမ်းအေးလေလေပါပဲ။
မေတ္တာဖြင့်

No comments:

Post a Comment