“ဒါယိကာမကြီး ကိုရင်ရဲ့ လူ့ဘဝက ပုဆိုးတွေ အင်ကျီတွေရှိသေးလား”
“မရှိတော့ဘူး ကိုရင်ရဲ့။ သူများကိုပေးလိုက်ပြီ။ ကိုရင်က အဲဒီအဝတ်တွေ ဘာလုပ်ချင်လို့လဲ”
“ကိုရင် သာသနာ့ဘောင်မှာ မပျော်တော့ဘူး။ လူထွက်တော့မလို့”
“အို - ဘယ်လိုဖြစ်တာလဲ ကိုရင်ရယ်။ ဘုရား ... ဘုရား။ ကိုရင့်ကို ဘယ်သူကများ မဟုတ်တာတွေ လျှောက်ပြောထားကြပါလိမ့်။ ကဲ - ဒါယိကာမကြီးကို သေချာပြောစမ်းပါဦး။ ကိုရင်က ဘာဖြစ်လို့ လူထွက်ချင်တာလဲ။ သာသနာ့ဘောင်မှာ မပျော်ဘူးဆိုတာကိုတော့ ဒါယိကာမကြီး မယုံဘူး။ တခြားအကြောင်း ရှိလိမ့်ဦးမယ်ထင်တယ်”
“ကိုရင် လူထွက်ချင်တာက ဒါယိကာမကြီးတို့နဲ့ အတူတူနေချင်လို့ပါ။ တခြားမိသားစုတွေမှာတော့ ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ မိဘ သားသမီးတွေ အတူတူနေပြီး လုပ်ကိုင်စားသောက်ကြတယ်။ ကိုရင့်ကျတော့ ဒါယိကာမကြီးတို့က ဘာဖြစ်လို့ အိမ်မှာ အတူတူမထားဘဲ ကိုရင် ဝတ်ပေးထားရတာလဲ”
ကျွန်ုပ် လူထွက်မည်ဟု ပြောလိုက်စဉ်ကတည်းက အံ့သြထိတ်လန့် တုန်လှုပ်နေသော မိခင်၏မျက်နှာသည် ယခုစကားအဆုံးတွင်ကား ကြေကွဲဝမ်းနည်းမှုတို့ပါ ပေါင်းစပ်လိုက်သဖြင့် ချက်ခြင်းပင် အိုသွားသလို ထင်ရတော့သည်။ တုန်လှုပ်နေသော နှလုံးသား၊ ဝမ်းနည်းနေသော စိတ်တို့ကြောင့် ပြောစရာစကားသည် ရုတ်တရက် ပျောက်သွားဟန်တူ၏။
ဝမ်းနည်းမှုကြောင့် နှုတ်ခမ်းသားများ တဆတ်ဆတ်တုန်နေသော်လည်း စကားက အတော်နှင့် ထွက်မလာ။ အတန်ကြာမှ-
“ကိုရင်ရယ် - တပည့်တော်တို့အချစ်က တခြားမိဘတွေထက်တောင် ပိုပါသေးတယ်။ ကိုရင့်ကို သာသနာ့ဘောင်မှာ ထားတယ်ဆိုတာ နှစ်ဘဝထိချစ်လို့ပါ။ တခြားမိဘတွေလို တစ်ဘဝသာ ချစ်တယ်ဆိုရင် ကိုယ့်အိမ်မှာ ခေါ်ထားပြီး အတူနေ၊ အတူစား၊ အရွယ်ရောက်တော့ အလုပ်တစ်ခုခု လုပ်ခိုင်း။ ဒါက ဘာမှခက်တဲ့အလုပ် မဟုတ်ပါဘူး။
ဒါပေမယ့် ဒါယိကာမကြီးတို့ ဆုံးပါးသွားပြီဆိုတဲ့အခါကျတော့ ကျန်ခဲ့တဲ့သားက လိမ်လိမ်မာမာ သမ္မာအာဇိဝကျကျ လုပ်ကိုင်စားသောက်ရင် တော်ရဲ့။ မလိမ်မာလို့ လူမိုက်ဖြစ်သွားပြီး မိစ္ဆာဇီဝနဲ့ အသက်မွေးပြီဆိုရင် အခုဘဝလည်း ထောင်တန်းကျပြီး ဆင်းရဲမယ်။
သံသရာကျတော့လည်း အပါယ်ကျပြီး ဆင်းရဲရဦးမယ်။ နှစ်ဘဝလုံး နာစရာချည်းပါပဲ။ ဟော - အခုလို သာသနာ့ဘောင်မှာ နေတယ်ဆိုတော့ ဒီဘဝမှာလည်း ချမ်းချမ်းသာသာနေရတယ်။ တခြားဘာအကုသိုလ်မှ လုပ်စရာလည်း အကြောင်းမရှိတော့ဘူး။ ဒါကြောင့် နောက်ဘဝကျတော့လည်း ချမ်းချမ်းသာသာ နေရတဲ့ဘဝကို ရောက်ရဦးမှာပဲ။
ဒါကြောင့် - ကိုရင်ကို အခုဘဝလည်း ချမ်းသာစေချင်တယ်။ နောက်ဘဝလည်း ချမ်းသာစေချင်တယ်။ အဲဒီလို နှစ်ဘဝလုံး ချမ်းသာတာမြင်ချင်လို့ ကိုရင်ဝတ်ပေးထားတာပါ။ ကဲ - ကိုရင် ဒါယိကာမကြီးတို့ရဲ့ မေတ္တာ စေတနာကို သဘောပေါက်ပြီ မဟုတ်လား”
နူးညံ့ပျော့ပျောင်းသော မှိုပွင့်သည် ခက်မာသောမြေပြင်ကို ဖောက်ထွက်နိုင်စွမ်းရှိသည်ဟူသော စကားအတိုင်း မိခင်၏နှလုံးသားမှ ယိုဖိတ်ထွက်ကျလာသော နူးညံ့ပျော့ပျောင်းသော စကားတို့သည် ကျောက်သားသဖွယ် ခက်မာနေသော ကျွန်ုပ်၏အထင်မှား၊ အမြင်မှား၊ အပြစ်မြင်နေသည့် ဒေါသ၊ အာဃာတများကို ဖောက်ထွက်၊ ဖယ်ရှားသွားနိုင်ခဲ့ပါသည်။
“သဘောပေါက်ပါပြီ ဒါယိကာမကြီးရယ်”
Photo Credit by >> ယဉ်ကျေးသူလေး
မေတ္တာရှင် (ရွှေပြည်သာ)၏ “မိဘမေတ္တာရသစုများ” မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။

No comments:
Post a Comment