Wednesday 8 October 2014

မျက်ဖြေလင်္ကာ (အနန္တသူရိယအမတ်ကြီး)



သက္ကရာဇ် ၅၃၆ ခုတွင် ပုဂံ၌ နရပတိစည်သူသည် နောင်တော် မင်းယဉ်နရသိင်္ခကို လုပ်ကြံ၍ နန်းတက်၏။ ထိုအခါ နောင်တော်၏ အထိန်းတော်သား အနန္တသူရိယ အမတ်ကိုလည်း သတ်လေဟု သူသတ်တို့အား အပ်လေ၏။ သတ်ခါနီးတွင် အနန္တသူရိယအမတ်သည် အောက်ပါ လင်္ကာလေးပိုဒ်ကို ရေး၍ မင်းကြီးအား ဆက်ပါဘိဟု အပ်ခဲ့၏။

မျက်ဖြေလင်္ကာ
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ၊
ဓမ္မတာတည်း၊

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ ၊
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊
ခဏတက်သည် ၊ ရေပွက်ပမာ ၊
တစ်သက်လျာတည်း။

ကြင်နာသနား ၊ ငါ့အားမသတ် ၊
ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကျည် ၊
အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊
မချွတ်စသာ ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊
ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊
သံသာစက်မှ ၊ ကြိုက်လတ်တွန်မူ ၊
တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊
သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊
အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊
သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း။

No comments:

Post a Comment