Wednesday 8 October 2014

ဂုဏ်ယူလေးစားစရာ မြန်မာ့မြေမှ ဂျူးများ




"ဂျူးတယောက်ဟာ သူ့အားလပ်ရက်မှာ ဘယ်တော့မှ အထီးမကျန်ဘူး"

မြန်မာပြည်ကို ဂျူးလူမျိုးတွေ စတင်ဝင်ရောက်လာချိန်ဟာ ရက်စွဲကို အတိအကျမသိပေမဲ့ အဆိုအရ ရူမန်နီးယားကစတယ်လို့ဆိုပါတယ်။ သမိုင်းမှတ်တမ်းတွေအရ အလောင်းမင်းတရားကြီး လက်ထက် ၁၇၅၂ - ၁၇၆၀ လောက်မှာ ဆော်လမွန်ဂါဘိရိုဟာဘုရင်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပထမဆုံး ဂျူးမျိုးဆက်လို့ဆိုပါတယ်။
ဒုတိယအသုတ်အနေနဲ့ ဂျူးလူမျိုးတွေမြန်မာနိုင်ငံကို ရောက်ရှိလာတာဟာ အီရတ်က ဒေးဗစ်ဆက်စွန် ဦးဆောင်တဲ့ ဆယ်ဖာဒီးဂျူး ကုန်သည်တွေဖြစ်ပြီး ဘာဂါးဒီးလို့ မြန်မာပြည်နဲ့ အိန္ဒယပြည်မှာ အမည်တွင် လူသိများပါတယ်။ ဂျူးကုန်သည်တွေဟာ အိန္ဒယ၊မြန်မာနဲ့ အရှေ့အလယ်ပိုင်းတွေကို ကူးသွားရောင်းဝယ် ဖောက်ကားကြသူတွေဖြစ်ပါတယ်။
ဂျူးလူမျိုး အသိုင်းအဝိုင်းဟာ မြန်မာပြည်မှာ ၁၅၀၀ကနေ ၂၀၀၀အထိ ရှိနေခဲ့ပါတယ်။
၁၉၄၁ နှစ်ပိုင်းလောက် ဂျပန်ကျူးကျော်လာချိန်မှာတော့ အိမ်နီးချင်းအိန္ဒယနိုင်ငံကို အမြောက်အများ ထွက်ပြေးသွားခဲ့ကြပါတယ်။ ၁၉၆၂ခုနှစ်လောက်မှာ စစ်အစိုးရတက်ရောက်လာချိန်မှာလဲ အမြောက်အများ မြန်မာပြည်ကနေ ထွက်ခွါသွားကြပါတယ်။ အခုအချိန်မှာတော့ ဂျူးလူမျိုးတွေဟာ မြန်မာပြည်မှာ လက်ချိုးရေတွက်လို့ရပါတယ်။

မြန်မာပြည်မှာ ဂျူးလူမျိုးတို့ရဲ့ အမှတ်အသားအဖြစ် အထင်အရှားရှိတာကတော့ တခုတည်းသော ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း ဖြစ်ပါတော့တယ်။ ဂျူးလူမျိုး အသိုင်းအဝိုင်းကို ဆက်လက်ရှင်သန်စေရာမှာ ပါဝင်တဲ့မစ္စတာ ဆမ်မီ ဆင်မျူယယ်ဟာ ဒီဘုရားကျောင်းကြီးမှာ ဂျူးလူမျိုးတို့ရဲ့ ငြိမ်းချမ်းရေး မီးထွန်းပွဲတော်ကို ဒီဇင်ဘာလတိုင်းမှာ ကျင်းပလေ့ရှိပြီး တခြား ဘာသာကြီးတွေဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ ဘာသာတွေက ခေါင်းဆောင်တွေ၊ သံအမတ်တွေနဲ့၊ အစိုးရ တာဝန်ရှိသူတွေကို ဖိတ်ကြား ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီပွဲကို ၈ ရက်တိုင် ကျင်းပလေ့ရှိပြီး တရက်ကို ဖရောင်းတိုင် တတိုင်ကျ ဘာသာပေါင်းစုံက ထွန်းညှိကြလေ့ ရှိကြပါတယ်။
ဂျူးတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို မစ္စတာ ဆမ်မီ ဆင်မျူယယ်က ရှင်းပြတာမှာ
“ကျနော်တို့ ဂျူးတွေ အချင်းချင်း ဆုံရင် ပြောလေ့ရှိတယ်။ ကြက်ဥဟာ ပြုတ်လေမာလေ ဖြစ်သလိုပဲ၊ ဂျူးတွေဟာလည်း အပြုတ်ခံရလေ ပိုပြီး မာကျောလေ ဖြစ်မယ်” လို့ သူက ဆက်ပြောပါတယ်။"
“ကျနော်တို့ ဂျူးတွေဟာ ဘယ်နေရာ ရောက်ရောက် အထီးမကျန်ဘူး ဆိုတဲ့ ဆောင်ပုဒ်တခု ရှိတယ်။ ဥပမာ ကျနော်တို့ မြန်မာနိုင်ငံမှာ အခြေချနေတဲ့ ဂျူး လူဦးရေ ဘယ်လောက်ပဲ နည်းနည်း နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ဂျူးအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးကြီးမှာ မြန်မာနိုင်ငံရောက် ဂျူးတွေ အနေနဲ့ မဲတပြား ပေးခွင့်ရှိတယ်” လို့ ဆိုပါတယ်။
ဂျူးဘုရားကျောင်းထဲမှာ ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်လေး တခုကတော့
“ကွင်းပြင်ထဲက သစ်ပင်တပင်ဟာ အထီးကျန်ကောင်း ကျန်လိမ့်မယ်၊ ကမ္ဘာကြီးပေါ်မှာ လူတယောက်ဟာ အထီးကျန်ကောင်း ကျန်နေနိုင်တယ်၊ ဒါပေမယ့် ဂျူးတယောက်ဟာ သူ့အားလပ်ရက်မှာ ဘယ်တော့မှ အထီးမကျန်ဘူး” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဆယ်ဂဏန်း နှစ်ခုစာလောက်သာ ရှိတဲ့ ဂျူးတွေဟာ အချင်းချင်း စည်းလုံးရိုင်းပင်းရင်း ယခုအချိန်ထိ မြန်မာ့မြေပေါ်က ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းထားတာဟာ ဂုဏ်ယူစရာလေးစားစရာ အတုယူစရာပဲဖြစ်ပါတော့တယ်။
ဓာတ်ပုံ။။ မြန်မာ့ငွေကြုတ်နဲ့ တိုရ - ယခင်က ၁၂၆တိုရ ရှိရာမှ ယခုအခါ နှစ်ခုသာကျန်ရှိတော့သည်
OMO
မှတ်ချက်။။ အချို့အချက်အလက်များကို ဘီအန်အန်သတင်းမှ ထုတ်နှုတ်ထားပါတယ်။

No comments:

Post a Comment