Saturday 11 October 2014

ကထိန်သင်္ကန်း လှူဒါန်းရကျိုး ငါးမျိုး



“ ရဟန်းတော်များအား ဘုရားရှင်ရဲ့ဝိနည်း(၅)ခုကို အချိန်တစ်ခုထိ လျော့ပါးစေတဲ့ ကထိန်အလှူ”


ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူးခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညတ်ထားတဲ့မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံပါတယ်။ မိမိတို့ လှူလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသတ်အတွင်း ခေတ္တခဏ သက်သာခွင့်ရအောင်ဖန်းတီးပေးနိုင်ပါတယ်။
လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တ၀ါမှပယ်လည်း မပယ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်နိုင်ပါဘူး။ ပြုလည်း မပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ပယ်နုတ်ဖြည့်စွက်ခြင်း ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။ ဒါပေမယ့် ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်းသင်္ဃန်းကတော့ လုပ်နိုင်ပါတယ်။ သိက္ခာပုဒ်တွေအားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ်ငါးခုကိုတော့ လုပ်နိုင်ပါတယ်။
(များရာ လိုက်ပြီး ငါးခုလို့ပြောတာပါ။ သိက္ခာပုဒ်အနေနဲ့ကတော့ လေးခုပါပဲ)

ကထိန်အလှူရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီ ဆိုရင် ဒီကထိန်ရဲ့အာနိသင်ရတဲ့ သံဃာတော်များဟာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ စပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ မြတ်စွာဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်(ငါးခုကို) မလိုက်နာ မကျင့်သုံးနေလို့ ရပါတယ်။ တစ်နည်းပြောရရင် မြတ်စွာဘုရား နဂိုကပညတ်ထားတဲ့
သိက္ခာပုဒ် (ငါး)ခုဟာ ဒီငါးလအတောအတွင်းမှာတော့ ကထိန်အာနိသင်ရထားတဲ့ သံဃာတော်တွေ အတွက် သိက္ခာပုဒ်လို့မဆိုနိုင်ဘူး။ ဒီ ငါးလ အတွင်းမှာ ဒီသိက္ခာပုဒ်မရှိတော့ဘူးလို့ သဘောပေါက်ရင် ပိုရှင်းသွားတော့မှာပေါ့။

ဒီသိက္ခာပုဒ်ငါးခုကို ဒီငါးလအတွင်းမှာ မကျင့်ဘဲ နေလို့ရတယ်ဆိုတော့ မျကင့်လို့လည်း အာပတ်သင့်မသွားဘူးလို့ ဆိုလိုတာပါ။ ကျင့်စရာမလိုဘူးဆိုရင် မလေးမစားလုပ်ရမှာမျိုးတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီသိက္ခာပုဒ်(၅)ခု မကျင့်လည်းရတယ်။
ဒီသိက္ခာပုဒ်ငါးခု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပြောထားတာပါ။ တပေါင်းလပြည့်
ကျော်သွားရင်တော့ မူလအတိုင်း ပြန်ပြီးတော့ ကျင့်သုံးရမှာပါ။
အဲ့ဒီလို မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လောက်ကြီးကျယ်ခန်းနားတဲ့ ဒါနကုသိုလ်ကမှ မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့ သီလကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်တဲ့ ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။

အဆင့်အတန်းမြင့်လှတဲ့ ၀ိပဿနာကုသိုလ်တွေ မဂ်ကုသိုလ်တွေ လောကုတ္တရာကုသိုလ်တွေ ကလည်း မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။ ကထိန်အလှူရှင်များ လှူဒါန်းတဲ့ ကထိန်အလှူ တစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်ငါးခုကို ခေတ္တခဏပယ်နုတ်နိုင်ပါတယ်။ အဲ့ဒါကိုက အင်မတန် ထူးခြားမှုတစ်ခုပါပဲ။ ကထိန်အလှူကို အထူးခြားဆုံးအလှူလို့ပြောရတာ ဒီအချက်က အဓိကပဓာန အကျဆုံးပါပဲ။ ဒီတစ်ချက်တစ်ခုနဲ့တင် ကထိန်အလှူဟာ အထူးခြားဆုံး အလှူဖြစ်နေပါပြီ။ ဘာတွေလဲဆိုတော့
(၁)“ အနာမန္တစာရ ” ဆိုတဲ့သိက္ခာပုဒ်။ ဘာလဲဆိုတော့ မြို့ရွာထဲက အိမ်တစ်အိမ်က ဆွမ်းစားပင့်ထားတယ်ဆိုရင် အဲ့ဒီအိမ်ကို ဆွမ်းမစားခင်မှာပဲဖြစ်ဖြစ် ဆွမ်းစားပြီးနောက်ပိုင်းမှာပဲဖြစ်ဖြစ် ရပ်ထဲရွာထဲ အကြောင်းကိစ္စ တစ်ခုခုနဲ့ထွက်စရာရှိတယ်ဆိုရင် ကျောင်းတိုက်ထဲမှာ ရှိတဲ့ မိမိရဲ့ မျက်မှောက်မှာ ထင်ရှားရှိတဲ့ သံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ သွားရတယ်။ “တပည့်တော် ဘယ်သွားမလို့ပါဘုရား ဘာကိစ္စနဲ့ ဘယ်ကြွမလို့ပါဘုရား” စသည်ဖြင့် ရဟန်းသံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ မြို့ထဲရွာထဲကို သွားခွင့်ရှိတယ်။ ဘယ်သူ့မှမပန်ဘဲ ငါဆရာတော်ပဲ သွားချင်ရာသွားမယ်၊ မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ အချိန်တန်ပြန်မှာပဲဥစ္စာ လို့ ဘယ်သူ့မှ မပန်ပဲ မြို့ထဲရွာထဲကို သွားခွင့်မရှိပါဘူး။ အာပတ်သင့်ပါတယ်။ ကထိန်အာနိသင်ရပြီဆိုရင်တော့ မြို့ရွာထဲ အကြောင်းကိစ္စရှိလို့ ဘယ်သူ့မှ မပန်ဘဲ သွားလို့ရပါတယ်။ အဲ့ဒီလို သွားလို့လဲ အာပတ် မသင့်တော့ပါဘူး။ အပြစ်မရောက်ပါဘူး။ သို့သော်လည်း ယဉ်ကျေးမှုစည်းကမ်းအရတော့ ပြောရမှာပေါ့ ဒါမှလည်း အကြောင်းကိစ္စရှိတဲ့အခါ ဆက်သွယ်လို့ရတာပေါ့။ ပြောလို့ ဆိုလို့ရတာပေါ့။
(၂)“အသမာဒါနစာရ” ဆိုတာကတော့ သံဃာတော်များဟာ တိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကို တစ်ညမှ ကိုယ်နဲ့ကင်းကွာနေခွင့် မရှိပါဘူး။ မိမိ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်း၊
ဧကသီရယ်၊ သင်းပိုင်ရယ်၊ နှစ်ထပ်သင်္ကန်းကြီးရယ် ဒီသုံးထည်ကို
နောက်တစ်နေ့ အာရုံတက်တဲ့ အချိန်မှာ ကိုယ့်ရဲ့ နှစ်တောင့်ထွာပတ်ဝန်းကျင်မှာ ရှိနေရမယ်။ ခန္ဓာကိုယ်မှာ ၀တ်ထားလို့ပဲဖြစ်ဖြစ် မ၀တ်ရင်လည်း  ကိုယ့်ရဲ့ နှစ်တောင်ထွာ အတွင်းမှာ ခေါက်ထားပြီးတော့ပဲဖြစ်ဖြစ် ရှိနေရမယ်။ ကိုယ့်ရဲ့နှစ်တောင့်ထွာအတွင်းမှာ အဲ့ဒီ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည် မရှိဘူးဆိုရင် အာပတ်သင့်သွားပြီ။

ဒီနေရာမှာ “တိစီစရိက်အဓိဋ္ဌာန်” ဆိုတဲ့ အဓိပ္ပာယ်လေးကို နည်းနည်းလေး အာရုံပြုကြည့်ရအောင်။ တိစီဝရိက် ဆိုတာကတော့ “တိ” ဆိုတာ သုံးခုပါပဲ။“စီဝရိက်” ဆိုတာ သင်္ကန်းပေါ့။
ဝိနည်း တိဝီ၀ရိက်အဓိဋ္ဌာန်တယ် ဆိုတာကတော့ ဧကသီတစ်ခုကိုလည်း
ဤသင်္ကန်းကို ဧကသီအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ ဒီလို အဓိဋ္ဌာန် တင်ထားရတယ်။ သင်းပိုင်းတစ်ခုကိုလည်းပဲ ဤသင်္ကန်းကို သင်းပိုင်အဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ သင်းပိုင်းမှတ်မှတ် အသုံးပြုပါမယ်။ နှစ်ထပ်သင်္ကန်းကိုလည်း ဤနှစ်ထပ်သင်္ကန်းကြီးကို နှစ်ထပ်သင်္ကန်းကြီးအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ အဲ့ဒီလို အဓိဋ္ဌာန်ထားရတယ်။

အဲ့ဒီလိုအားဖြင့် ဧကသီတစ်ထည် သင်းပိုင်းတစ်ထည် နှစ်ထပ်သင်္ကန်းတစ်ထည် သင်္ကန်းသုံးထည် ကို သူ့ဆိုင်ရာ ဆိုင်ရာ နာမည်တွေနဲ့ အဓိဋ္ဌာန်ထားတာကို တိစီဝရိက် အဓိဋ္ဌာန် တင်တယ်လို့ ခေါ်တယ်။ သုံးထည်ထက်ပိုပြီးတော့ အဓိဋ္ဌာန်မထားရဘူး။ အဲ့ဒီသုံးထည်ကို ၀ိနည်းတိစီဝရိက် အဓိဋ္ဌာန် တင်ထားတဲ့ သင်္ကန်းလို့ ခေါ်တယ်။ လောကမှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းပါမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စာချုပ်မှာ လက်မှတ်ထိုး သလို ဒီသင်္ကန်းသုံးထည်ကို သင်းပိုင်မှတ်မှတ် ဧကသီမှတ်မှတ် သင်္ကန်းကြီးမှတ်မှတ် အသုံးပြုပါမယ်လို့ လက်မှတ်ထိုးပြီးတော့ မခွဲမခွာ သုံးလိုက်တဲ့ သဘောပါပဲ။
အဲ့ဒီ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းဟာ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်နှစ်ထောင့်ထွာ အတွင်း ရှိနေရမယ်။ မရှိရင် အာပတ်သင့်ပါတယ်။ တိစီဝရိက်က နှစ်မျိုးရှိပါတယ်။ ခုနကပြောတာက ၀ိနည်းတိစီဝရိက်ပါ။
နောက်တစ်ခုက ဓုတင်တိစီဝရိက်ပါ။ ဓုတင်ဆောင်တဲ့ပုဂ္ဂိုလ်များလည်း သင်္ကန်းသုံးထည်ပဲ ထားရပါတယ်။ အဲ့ဒီ ဓုတင်တိစီဝရိက် ဆောင်ထားတဲ့သူကတော့ သင်္ကန်းသုံးထည်ထက် ပိုထားခွင့်မရှိဘူး။ သင်္ကန်းကြီးရယ်၊ သင်းပိုင်ရယ်၊ ဧကသီရယ် ဒါပဲထားရတယ်။ ခုနကပြောတဲ့ ၀ိနည်းတိစီဝရိက် အဓိဋ္ဌာန်ထားတဲ့ ရဟန်းတော်က သင်္ကန်းသုံးထည်ကိုသာ သင်းပိုင်မှတ်မှတ်၊ ဧကသီမှတ်မှတ်၊ သင်္ကန်းကြီးမှတ်မှတ် အဓိဋ္ဌာန်တင်ထားပြီး ကျန်တဲ့သင်္ကန်းတွေကိုတော့ ဆယ်စုံပဲဖြစ်ဖြစ်၊ အစုံတစ်ရာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲဖြစ်ဖြစ် ၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်လို့ခေါ်တဲ့ သာမန်အသုံးအဆောင် သင်္ကန်းအဖြစ်နဲ့ပဲ အဓိဋ္ဌာန်တင်ထားလို့ရှိရင် အစုံပေါင်းမျာစွာ သိမ်းဆည်းထားပိုင်ခွင့် ရှိပါတယ်။ သိမ်းစည်းထားလို့ ဘာအာပါတ်မှ မသင့်ပါဘူး။

ဓုတင်တိစီဝရိက်ဆောင်တဲ့ ရဟန်းကတော့ သုံးထည်ပဲထားရပါတယ်။ သင်းပိုင် ဧကသီ သင်္ကန်းကြီး ဘာမှအပိုထားခွင့်မရှိပါဘူး။ သင်္ကန်းသုံးထည်ကလွဲရင် အ၀တ်မှန်သမျှ ဘာမှမထားဘဲနဲ့ နေထိုင်ကျင့်သုံးကြတဲ့ နည်းပါပဲ။ သင်္ကန်းများများထားရင် ကိလေသာများများဖြစ်တယ်လို့ ယူဆပြီး ကိလေသာကို ခါတွက်ဖျက်ဆီးတဲ့ အနေနဲ့ ကျင့်သုံးကြတာပါပဲ။ (ဓုတင်=ကိလေသာကို ခါတွက်ခြင်း၏ အကြောင်း)
ဝိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကိုယ့်ရဲ့ နှစ်တောင့်ထွာတွင်းမှာ မရှိဘဲနဲ့ အရုဏ်တက်သွားရင် အာပတ်သင့်တယ်။ ဒါပေမယ့် ခုကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ နှစ်တောင့်ထွာ မကလို့ နှစ်မိုင်ပဲဝေးဝေး ထားလို့ရပါပြီ။ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်အနားမှာ မရှိလည်းပဲ ဘာပတ်မှ မသင့်တော့ပါဘူး။ ဘာအပြစ်မှ မဖြစ်တော့ပါဘူး။ တပေါင်းလပြည့်အထိပေါ့။
(၃) "ဂဏဘောဇန" ဆိုတာက လူဝတ်ကြောင် ပုဂ္ဂိုလ်များက သာသနာသုံး သံဃာတော်သုံး ဝေါဟာရနဲ့မဟုတ်ဘဲ လူဝတ်ကြောင်သုံး ဝေါဟာရနဲ့သံဃာတော်များကို ဆွမ်းစားပင့်တယ်။ အရှင်ဘုရား တပည့်တော်တို့အိမ် သံဃာငါးပါး မုန့်ဟင်းခါးစားကြွပါ၊ တပည့်တော်တို့အိမ်ကို သံဃာငါးပါး ခေါက်ဆွဲစားကြွပါလို့ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တယ်။ အဲ့ဒီလို ဆွမ်းကို သံဃာတော်လေးပါးနဲ့ အထက် တစ်ပေါင်းတည်း ကြွရောက်ပြီးတော့ မဘုန်းပေးကောင်းပါဘူး။ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တဲ့ ဆွမ်းမျိုးကို ဘုဉ်းပေးသုံးဆောင် လို့ရှိရင် အာပတ်သင့်ပါတယ်။ အပြစ်ဖြစ်ပါတယ်။ တစ်ပါး၊ နှစ်ပါး၊ သုံးပါးအထိတော့ ဘုဉ်းပေးကောင်းပါတယ်။ တစ်ပါးတည်းကို မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ပင့်ရင်တော့ ဘုဉ်းပေးကောင်းပါတယ်။
ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးမနှုန်း နဲ့ ဘယ်လိုပဲလျှောက်လျှောက် ဘယ်လိုပဲ ဆွမ်းစားပင့်ပင့် တစ်ပေါင်းတည်းကြွရောက်ပြီးတော့ ဆွမ်းဘုဉ်းပေးကောင်းသွားပါပြီ။ အဲ့ဒါကြောင့် ကထိန်အာနိသင် ရပြီဆိုရင်တော့ ၀ါးကြောလို့ပဲလျှောက်လျှောက် ၀ိုက်ကြောလို့ပဲလျှောက်လျှောက် သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ပင့်တဲ့ဆွမ်းကို ဘုဉ်းပေးကောင်းပါတယ်။
(၄)“ယာဝဒတ္တစီဝရ” ဆိုတာကတော့ ရဟန်းတော်များဟာ မိမိတို့ကို လှူဒါန်းထားတဲ့ သင်္ကန်းတွေကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်၊ ၀ိကပ္ပနာ ၀ိနည်းကံတစ်ခုခု ပြုမထားဘဲနဲ့ ဒကာ၊ ဒကာမလာလှူတဲ့ သင်္ကန်းတွေကို နိဗ္ဗာနဿပစ္စယော ဟောတု ဆိုပြီး အလှူခံပြီးတော့ ဗီရိုထဲမှာ
သွားထည့်ထားလိုက်တယ်။ အဲ့ဒီလို ဆယ်ရက်ကျော်သွားရင် အဲ့ဒီသင်္ကန်းတွေကို မသုံးကောင်း တော့ဘူး။ စွန့်ပစ်လိုက်ရတော့မယ်။ စွန့်လည်းစွန့်လိုက်ရမယ်၊ သိက္ခာပုဒ်ကိုလည်း ဒေသနာကြား ပြီးတော့ အာပတ်ဖြေရမယ်။ ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်ခြင်း၊ ၀ိကပ္ပနာပြုခြင်း ဆိုတဲ့ ၀ိနည်းကံတစ်ခုကို ပြုထားမှသာ အဲ့ဒီသင်္ကန်းကို သိမ်းထားခွင့်ရှိပါတယ်။ အခု ကထိန်အာနိသင်ရတဲ့ သံဃာတော်များကတော့ ဆယ်ရက်မကလို့ ဘယ်နှရက်ပဲဖြစ်ဖြစ် လကျော်ပြီးပဲဖြစ်ဖြစ် အဓိဋ္ဌာန် ၀ိကပ္ပနာမပြုဘဲနဲ့ ငါးလအတွင်းမှာ လွတ်လပ်စွာ သင်္ကန်းကို သိမ်းဆည်းထားခွင့် ရသွားပါတယ်။

(၅)“ယော စ တတ္ထ စီဝရုပ္ပါဒ” ဆိုတာ ကျောင်းတိုက် တစ်တိုက်အတွင်းမှာ သံဃဿ ဒေမလို့ ဆိုပြီးတော့ သံဃာကို ရည်စူးပြီးတော့ သင်္ကန်းလှူဒါန်းကြပြီဆိုရင် အဲ့ဒီသင်္ကန်းကို အဲ့ဒီ ကျောင်းတိုက်အတွင်းမှာ ရှိတဲ့ သံဃာတော်အားလုံး ခွဲဝေပြီးတော့ ယူကြရပါတယ်။ ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်က ကိုယ်ဆီလာပြီးတော့ သံဃဿ ဒေမဆိုပြီး လှူထားတာကို ငါ့ကိုလှူတာ ငါပိုင်တယ် ဆိုပြီး ဒီလို ဆုံးဖြတ်လို့ မရပါဘူး။ ပဓာနဆရာတော် တစ်ပါးတည်းကိုပဲ သံဃဿ ဒေမ ဆိုပြီး လှူပေမယ့် သံဃဿ ဒေမ လို့ နှုတ်မြွက်ပြီး လှူဒါန်းထားတာ ဖြစ်လို့ အဲ့ဒီသင်္ကန်းကို အဲ့ဒီ ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံးနဲ့ ဆိုင်ပါတယ်။ ငါးပါးရှိရင် ငါးပါးလုံးနဲ့ ဆိုင်ပါတယ်။ ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံး ခွဲဝေကြရမှာဖြစ်ပါတယ်။
အပါးစေ့ မဝေလောက်ရင် မဲချပြီး ယူရမှာဖြစ်ပါတယ်။ မဲချပြီးမယူချင်ဘူးဆိုရင် သံဃာတော်များက သဘောတူညီချက်နဲ့ နွမ်းပါးတဲ့ သံဃာတစ်ပါးပါးကို ပေးရမယ့်တာဝန်ရှိပါတယ်။ သံဃာတော်များ အပိုင်းက “သံဃဿ ဒေမ” လို့မြွက်ဆိုပြီးတော့ လှူဒါန်းထားတဲ့ သင်္ကန်းအပေါ် ၀ိနည်းစည်းကမ်း အတိုင်း အဲ့ဒီလို အသုံးပြုရပါတယ်။ ဒီနေရာမှာ ဒကာ ဒကာမတွေအနေနဲ့ ကောက်ချက်တစ်ခုချခဲ့ပေါ့။
သံဃာလှူတာ အကျိုးပိုရှိတယ်ဆိုပြီး နေရာတကာ နှုတ်က “သံဃဿ ဒေမ” လို့မဆိုမိပါစေနဲ့။ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုရင် လုံလောက်ပါတယ်။ စိတ်ထဲက သံဃာဂုဏ်ကို အာရုံပြုပြီး သံဃာကို ရည်စူးထားပေါ့။ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်ကို “သံဃဿ ဒေမ” လို့ဆိုပြီး ဆွမ်းတစ်ဆွမ်း လောင်းလိုက်ရင် အဲ့ဒီ ဆွမ်းကို ဆယ့်နှစ်တောင် ပတ်ဝန်းကျင်က တွေ့သမျှ ရဟန်းတော်တွေနဲ့ ခွဲဝေသုံးစွဲရတော့မယ်။ သံဃာပိုင်းဆွမ်း ဖြစ်သွားပြီကိုး။

အခုကထိန်အာနိသင်ရသွားပြီဆိုရင်တော့ သံဃဿ ဒေမဆိုပြီးတော့ သင်္ကန်းကိုသံဃိကအဖြစ်နဲ့ လာလှူလို့ရှိရင် အဲ့ဒီသင်္ကန်းကို ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်တွေ အားလုံး ခွဲဝေယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာတော်တွေပဲ ခွဲဝေယူရတော့မယ်။ သံဃာ ဆယ်ပါးရှိတဲ့ အချိန်မှာ ကထိန်ခင်းထားတယ်။ ကထိန်အာနိသင် ရထားတယ်။ နောက်ရက်ပိုင်း လပိုင်း တခြား ကျောင်းတိုက်က ငါးပါးလောက်ကြွလာတယ် ဆိုပါတော့ ဆယ့်ငါးပါး ဖြစ်သွားတယ်။ အဲ့ဒီ အချိန်မှာ ဒကာ ဒကာမတစ်ယောက်က သင်္ကန်း(၁၀)ကို “သံဃဿ ဒေမ” ဆိုပြီး လာလှူတယ်။ ဒါဆိုရင် (၁၅)ပါးလုံး ခွဲယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာ(၁၀)ပါးသာ ခွဲဝေယူလို့ ရပါတယ်။
နောက်မှ ကြွလာတဲ့ ငါးပါးကို ခွဲဝေမပေးလည်းရပါတယ်။ဒါကလည်း ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကနေ ပေးလိုက်တဲ့ ထူးခြားမှုတစ်ခုပါပဲ။

တကယ်လို့ ကထိန်နှုတ်ခဲ့မယ် ဆိုရင်တော့ သံဃိက သင်္ကန်းတွေကို ကထိန်အာနိသင်မရတဲ့ တခြားရဟန်းတော်တွေလည်း ဝေစုရနိုင်ပါတယ်။ ဒါပေမယ့် ကထိန်နှုတ်လိုက်မယ်ဆိုရင် ကထိန်အာနိသင် (၁၀)ပါးလုံး ဘယ်သူမှ မရတော့ပါဘူး။ ကထိန်အာနိသင်တွေ ပျက်သွားပါပြီ။ ကထိန်နှုတ်တယ်ဆိုတာ ကထိန်ခင်းခြင်းအမှု ကထိန်ကံကို ရုတ်သိမ်းလိုက်တာပါပဲ။ ကထိန်နှုတ်ပြီးမှ နောက်ထပ်ကထိန်ထပ်ခင်းလို့ မရတော့ပါဘူး။ ကထိန်ကိုသာ မနုတ်ဘူးဆိုရင် သံဃိက သင်္ကန်းတွေ ကို ၀ါကျိုးဝါပြတ်သူ၊ ဒုတိယ၀ါဆိုသူ၊ တခြားကျောင်းတိုက်က အသစ်ရောက်လာသူတွေ မရနိုင်တော့ ပါဘူး။ ကထိန်နုတ်လိုက်မှ သံဃာအားလုံး ရခွင့်ရှိပါတယ်။
သံဃိကဆိုတဲ့ အထဲမှာ ကထိန်ခင်းထားတဲ့ ကျောင်းတိုက်ရဲ့ ဥပစာအတွင်းမှာ မိမိပိုင်ပစ္စည်းကို ဘယ်သူ့ကိုမှ မပေးမလှူဘဲ ပျံလွန်တော်မူသွားတဲ့ ရဟန်းရဲ့သင်္ကန်း (မတသန္တကသင်္ကန်း) ၊သံဃာကို လှူဒါန်းလို့ရတဲ့ သင်္ကန်း၊ ကထိန်ခင်းတဲ့ ကျောင်းတိုက်ပိုင် လယ်ဟာမြေသည်က ထွက်တဲ့ပစ္စည်းတွေနဲ့ လဲလှဲလို့ရရှိလာတဲ့ သင်္ကန်း စတဲ့ သံဃာပိုင်သင်္ကန်းမှန်သမျှ အကုန်ပါဝင်ပါတယ်။
ကထိန်အလှူကြောင့် ကထိန်အလှူခံရဟန်းတော်တွေမှာ သိက္ခာပုဒ် ၀န်ထုပ်ငါးခု သက်သာခွင့် ရသွားပါတယ်။ စည်းမျဉ်းစည်းကမ်း ၀န်ထုပ်ကို လျှော့ချပေးတဲ့အလှူ လောကကြီးမှာ ဒီကထိန်အလှူ တစ်ခုပဲရှိတယ်။ ဒါကြောင့် ကထိန်ဒါနဟာ အထူးခြားဆုံးဒါန ဖြစ်နေပါပြီ။ လှူဖွယ်ဝတ္ထူရှု့ထောင့်ကနေ သုံးသပ်မယ်ဆိုရင်လည်း ကထိန်အလှူဟာ အထူးခြားဆုံးအလှူ ဖြစ်ပါတယ်။
{အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(အိုဘယ့်အလှူ တရားတော်မှ ကောက်နှုတ်ချက်)

No comments:

Post a Comment