Thursday 16 October 2014

ဘ၀အရသာ

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောအုပ်တစ်ခုထဲက ဖြတ်လျှောက်လာတုန်း ကံဆိုးချင်တော့ ရုတ်တရက် အစာရေစာ ငတ်မွတ်နေတဲ့ ကျားကြီးတစ်ကောင်နဲ့ တိုးမိပါတယ်။ ကျားကြီးက ဟိန်းဟောက်လိုက်ပြီး သူ့နောက်ကို တဟုန်ထိုး လိုက်ပါတော့တယ်။ သူလဲ အစွမ်းကုန်ပြေး၊ ကျားကြီးကလဲ အနောက်က ထပ်ချပ်မခွာလိုက်နဲ့ နောက်ဆုံး ပြေးစရာ မြေမရှိတော့ပဲ တောင်ကမ်းပါး အစပ်ထိ ရောက်လာတော့တယ်။ ဒါနဲ့ သူ စဉ်းစားလိုက်မိတယ်။
“ ဒီကျားရဲ့ ဖမ်းစားတာကို အရှင်လတ်လတ် ခံရမယ့်အစား ချောက်ထဲ ခုန်ချတာမှ ကံကောင်းရင် ငါ အသက်ရှင်နိုင်သေးတယ် ” ဆိုတွေးပြီး တောင်ကမ်းပါးကနေ လွှားခနဲ ခုန်ချလိုက်တော့တယ်။
ကံကောင်းချင်တော့ ချောက်ထဲမကျပဲ ကမ်းပါးပြတ် တစ်နေရာမှာ တွယ်ကပ်ပေါက်နေတဲ့ ဆီးပင်တစ်ပင်ပေါ် သွားတင်နေတယ်။ အသက်မသေလို့ ၀မ်းမြောက်ဝမ်းသာ ရှိနေဆဲမှာပဲ ကမ်းပါးပြတ်အောက်မှာ ခြင်္သေ့တစ်ကောင်ဟာ သူ့ကို မော့ကြည့်ပြီး ဟိန်းဟောက်ကာ သူပြုတ် ကျ အလာကို စောင့်နေတာ အတိုင်းသား တွေ့လိုက်ရလို့ ရင်ထဲ ဖိုခနဲ တုန်သွားရရှာတယ်။ ဒါနဲ့ ပြန်တွေးကြည့်လိုက်တော့ ကျားဖြစ်ဖြစ် ခြင်္သေ့ဖြစ်ဖြစ် ဘယ်အကောင်စားတာ ခံရခံရ မထူးဘူး။ သေမှာချည်းပဲလို့ တွေးနေမိပြန်တယ်။
စိတ်နှလုံး ဒုံးဒုံးချပြီး သစ်ပင်ပေါ် ငြိမ်ငြိမ်လေး ထိုင်နေကာမှ အသံတချို့ ကြားလိုက်ရလို့ ကြည့်လိုက်တော့ ကြွက်ဖြူနဲ့ ကြွက်မဲနှစ်ကောင်က သူထိုင်နေတဲ့ ဆီးကိုင်းကို ကျကျနန ကိုက်ဖဲ့နေတယ်။ ရုတ်တရက် စိတ်ပူသွားပြီး မျက်လုံးထဲ ပြာသွားပေမယ့် ပြန်စဉ်းစား လိုက်မိတော့ စိတ်က ပြန်ငြိမ်သွားပြန်တယ်။ ဟုတ်တယ်လေ။ သစ်ကိုင်း ကျိုးကျသေတာက ခြင်္သေ့စာ မိမှာ ထက်စာရင် တော်သေးတာကိုး။
စိတ်ပြန်ငြိမ်သွားလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ ဆီးသီးတွေက ပင်လုံးပြည့်ဝင်း မှည့်ပြီး သီးနေတာ တွေ့လိုက်လို့ မသေခင်တော့ ဆီးသီးတွေ ခူးစားဦးမှဆိုပြီး အားပါးတရ စားလေတော့တယ်။ သူ့တစ်သက် ဒီလောက်ကောင်း ဒီလောက်အရသာရှိတဲ့ ဆီးသီးမျိုး တစ်ခါမှ မစားခဲ့ဘူးသလို ခံစားလိုက်ရတယ်။
ဗိုက်လည်း ပြည့်သွားရော အနှေးနဲ့အမြန် သေရတော့မယ့် အတူတူ၊ မသေခင် တစ်ရေးတစ်မော အိပ်ထားဦးမှဆိုပြီး အိပ်လိုက်တာ တခေါခေါနဲ့ အိပ်မောကျသွားပြန်တယ်။ အိပ်ရာနိုးလာလို့ ကြည့်လိုက်တော့ ကြွက်ဖြူနဲ့ကြွက်မဲ နှစ်ကောင်လုံးကို မတွေ့ရတော့ဘူး။ ကမ်းပါးပေါ်က ကျားနဲ့ ချောက်ထဲက စောင့်နေတဲ့ ခြင်္သေ့လည်း ပျောက်နေတယ်။ ဒါနဲ့ သူလဲ သစ်ကိုင်းတွေကို သတိနဲ့ ဂရုတစိုက်ဆွဲပြီး ကမ်းပါးထိပ်ကို ခဲရာခဲဆစ် ပြန်တက်ရင်း သေဘေးက သီသီလေး လွတ်ခဲ့ရတယ်။
ဖြစ်ပုံက… သူ အိပ်ပျော်သွားတုန်း ဆာလောင်လွန်းနေတဲ့ ကျားက မအောင့်နိုင်တဲ့ အဆုံး ကမ်းပါးပေါ်ကနေ ဟိန်းဟောက်ရင်း သူ့ဆီ ခုန်ချတယ်။ ဟန်ချက်လွဲတော့ ချောက်ထဲ ပြုတ်ကျပြီး ချောက်အောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ခြင်္သေ့နဲ့ အကြီးအကျယ် သတ်ပုတ်ပြီး၊ နှစ်ကောင်လုံး အနိုင်မရကြပဲ ဒဏ်ရာဒဏ်ချက် ကိုယ်စီနဲ့ မောပမ်းပြီး ထွက်ခွာသွားကြတော့တယ်။ ကြွက်ဖြူနဲ့ ကြွက်မဲကတော့ ကျားဟိန်းပြီး ချောက်ထဲ ခုန်ချလိုက်ထဲက လန့်ပြီး ထွက်ပြေးနှင့်ပြီလေ။
ပုံပြင်လေးက ဒီလို အဆုံးသတ်ထားတယ်။ ဘ၀တွေ ကိုယ်စီမှာလညှ်း အကျပ်အတည်း အခက်အခဲတွေဟာ ဆာလောင်နေတဲ့ ကျားလိုပဲ တကောက်ကောက်နဲ့ မပြတ်လိုက်ခြင်း ခံနေခဲ့ရတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလဲ ကမ်းပါးအောက်ကနေ လည်တဆန့်ဆန့်နဲ့ မျှော်နေပြန်သေးတယ်။ နေ့လည်နေ့ခင်းနဲ့ ညဥ့်နက်သန်းခေါင်တို့နဲ့ တူတဲ့ ကြွက်ဖြူနဲ့ ကြွက်မဲတို့ကလဲ တခဏတာ ဘ၀ရဲ့ ခန္ဓာကိုယ်တွေကို တလှည့်စီ ကိုက်ဖြတ်နေကြတယ်။
လူ့ဘ၀ရဲ့ အဆိုးဆုံး အချင်းအရာတွေကို သိနေမှတော့ ပုံပြင်ထဲကလို အခက်အခဲတွေကြားထဲမှာမှ တစ်ရေးလောက်အိပ်ရင်း အနားယူပြီး သောကတွေကို တစ်ဆင့်ချင်း အနည်းဆုံးဖြစ်အောင် လျှော့ချ၊ အသက်ရှင်သန်မှုဆိုတဲ့ ဘ၀ရဲ့ ချိုမြိန်တဲ့ ဆီးသီးတွေကို စံနစ်တကျ စားသုံးကြရင် မကောင်းပေဘူးလား။ အခက်အခဲ ဆိုတာတွေအတွက် ရင်ဆိုင်ဖို့ ကြိုးစား ပြင်ဆင်ထားကြပေမယ့် ဘ၀မှာ မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေဟာ စောင့်ကြိုနေတတ်ပါတယ်။ ထိုသို့စောင့်ကြိုနေလည်းပဲ မသိလိုက်ခင်မှာပဲ ဒီအခက်အခဲတွေကို ကိုယ်တိုင် နိုင်နိုင်နင်းနင်း ဖြေရှင်းမိရက်သား ဖြစ်နေတာကို အဆုံးမှာ ၀မ်းမြောက်စဖွယ် တွေ့ရပြန်ကြုံရပြန်ပါသေးတယ်မဟုတ်ပါလား။ဒါကြောင့် အခက်အခဲတွေကြာထဲမှလည်း ချိုမြိန်တဲ့ ဆီးသီးအရသာကို လည်း စားသုံးဖို့မမေ့ပါနဲ့။
မောင်မောင်ချေ(ဓည၀တီ)

No comments:

Post a Comment