Tuesday 7 October 2014

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊
ဝါဆိုလပြည့် ညနေချမ်း၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏
ဥယျာဉ်မှူး ကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း
စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗ သရက်ဖြူပင်အနီးတွင် တိတ္ထိ တို့ကို
နှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို
အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။
ထိုပွဲအပြီးတွင် မြတ်စွာဘုရားသည် မယ်တော်ဟောင်း
နတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန်
ခြေလှမ်းနှစ်လှမ်း သုံးဖ၀ါးဖြင့် သာတာသတိံသာနတ်ပြည်သို့
ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကိုမမြင်တွေ့တော့၍
အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ်ရှင်းပြမှ
အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးကဘုရားရှင်ကို မဖူးရဘဲ
မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ
နေကြလေသည်။
သီတင်းကျွတ်ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှ တစ်ဆင့်
ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့်အကြောင်း
သိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။
ဘုရားရှင်သည် တာဝတိံသာပြည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌
မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား
ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ
သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။
မြတ်စွာဘုရားသည်သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား
လူ့ပြည်ပြန်တော့မည့်အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ
သိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊
စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။
လကျာ်ဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။
လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။
စောင်းတန်းတို့၏ မုခ်ဦးက မြင်းမိုရ် တောင်ထိပ်မှာရှိ၍
အခြေက သင်္ကဿမြို့တံခါးဝမှာရှိသည်။
ဘုရားရှင်သည် လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်
ရပ်လျက် ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍
ထက်ကောင်းကင်သို့ ကြည့်တော်မူသောအခါ
အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် အဆီးအတားမရှိ
ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါ
အ၀ီစိငရဲတိုင်အောင် အပိတ်အပင် အတားအဆီးမရှိ
ဟင်းလင်းပြင် ဖြစ်သွားတော့၏။
ထိုအခါသမယတွင် ပြည်သူပြည်သားအပေါင်းတို့က
မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့်
ကပ်လှူပူဇော်ကြသည် ။
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း
ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ 
လွှတ်တင်ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို
အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

-ဘုရားရှင် (၇) ၀ါမြောက်ကာလ၊ (၇)လမြောက် မြန်မာလ
ရဟန်းသံဃာတော်များ တစ်နေရာတည်း၌
ဝါကပ်နေထိုင်ခြင်း (သီတင်း)မှ ကျွတ်ခြင်း (ပြီးဆုံးခြင်း)
အခါသမယဖြစ်သော *သီတင်းကျွတ်လပြည့်နေ့*။

-တာဝတိံသာနတ်ပြည်မှ အမေဟောင်းသန္တုဿီတနတ်သားနှင့်တကွ
နတ်ဗြဟ္မာတို့အား အဘိဓမ္မာ(၇)ကျမ်းဟောကြားသောကြောင့်
*အဘိဓမ္မာအခါတော်နေ့*။

-ရဟန်းသံဃာတော်များအချင်းချင်း အပြစ်ရှိက
ထောက်ပြပြောကြားပါရန် မာန်ကင်းစွာ၊ ယဉ်ကျေးစွာ၊ ရိုသေစွာ
ဖိတ်မန်တိုက်တွန်းအမှုပြုကြသောကြောင့် *ပ၀ါရဏာနေ့*။
(သီတင်းကျွတ်လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော
သံဃာတော်အရှင်မြတ်များသည် မိမိတို့ အချင်းချင်း
အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊
သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။)

-အရှင်သာရိပုတ္တရာရှိရာ သင်္ကဿမြို့ ကို စောင်းတန်းသုံးသွယ်ဖြင့်
နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူလာသော
မြတ်စွာဘုရားသည် တုနှိုင်းဖွယ်မရှိ၊ အလွန်တင့်တယ်
သပ္ပါယ်တော်မူသောကြောင့် နတ်လူအများ
ကြည်ညိုစိတ်ပွားကာ *ဘုရားဆုပန်ကြသောနေ့*။
(အဲဒီအချိန်မှာ အလွန်တင့်တယ်လွန်းတဲ့ မြတ်စွာဘုရားကို
အားကျပြီးတော့ သူတို့လည်း တစ်ချိန်မှာ ဘုရားဖြစ်ချင်တဲ့
ဆန္ဒတွေ ဖြစ်ပေါ်လာကြတယ်.....
ဒါကြောင့် ဘုရားဖြစ်ဖို့အတွက် ဆုတွေပန်ကြတယ်)

-ထိုသို့  အဘိဓမ္မာဒေသနာ ဟောကြားပြီးနောက်
တာဝတိံသာနတ်ပြည်မှ လူ့ ပြည်သို့  ညချမ်းအခါ၌
ဆင်းသက်လာသော မြတ်စွာဘုရားအား ဗြဟ္မာ နတ် လူ
သုံးဘုံသူတို့ အတူတကွ ကြည်ဖြူပူဇော်သောအားဖြင့်
ဆီမီးထွန်းညှိပူဇော်ကြသော *မီးထွန်းပွဲတော်နေ့ *။
(ထိုအချိန်က မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူပြည်သို့
ပြန်လည်ကြွမြန်လားခြင်းကို ကြိုဆိုသော အားဖြင့် ၊ ရောင်စုံမိးများ
ထွန်းညှိခဲ့ကြသည်။ ထိုယဉ်ကျေးမှုကို အခြေခံ၍ ယနေ့ထက်တိုင်
သ်ီတင်းကျွတ်လပြည့်နေ၌ မီးထွန်းပွဲများ ကျင်းပကာ မြတ်ဗုဒ္ဓအား
ပူဇော်ပသကြလေသည်။)

-ကျေးဇူးကြီးလှ မိဘဘိုးဘွား သက်ကြီးများ၊ ဆရာသမားများအား
လက်ဆယ်ဖြာမိုး၍ ရိုသေစွာ ကန်တော့ကြသော
*သက်ကြီးပူဇော်ပွဲနေ့ *။

ကျွနိုပ်တို့ မြတ်ဗုဒ္ဓဘာသာဝင်သူတော်စဉ်များသည်
ထိုနေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့၌
*သီတင်းသီလဆောက်တည်ခြင်း၊
*၂၄-နာရီအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊
*အဘိုးအဘွား၊ မိဘ၊ ဆရာများအားကန်တော့ခြင်း၊
*မျိုးဆက်သစ်များအား ဓမ္မလက်ဆောင်များပေးအပ်ခြင်း၊
*သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
*တရားတော်များနာကြားခြင်း၊
*ဆီမီးထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုကုသိုလ်များပြုကြသည်။
*နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော်သည့် အနေဖြင့်
မီးပုံးပျံများလွှတ်တင်ကြသည်။
စေတီပုထိုး၊ ကျောင်းကန်ဇရပ်များတွင်သာမက လူနေအိမ်များ၊
စပါးကျီ၊ မောင်းဆုံ၊ ဈေးဆိုင် စသည့် လူ့အကျိုးပြုပစ္စည်း
ပစ္စယများတွင်ပါ ဆီမီးထွန်းညှိကြသည်။
မုန့်လက်ကောက်၊ မုန့်ဆီကြော် စသည့် မြန်မာမုန့်များ
ပြုလုပ်ကျွေးမွေးကြသည်။
လူငယ်လူရွယ်တို့က မိဘဘိုးဘွား၊ ရပ်မိရပ်ဖသက်ကြီးရွယ်အိုများကို
စားသောက်ဖွယ်ရာများ၊ အဝတ်အထည်၊ လူ့အသုံးအဆောင်ပစ္စည်း
ပစ္စယများဖြင့် ပူဇော်ကန်တော့ကြသည်။
တပည့်များက ဆရာသမားများကို ပူဇော်ကန်တော့ကြသည်။
လူကြီးမိဘ ဆရာသမား အကန်တော့ခံပုဂ္ဂိုလ်များက
သာကြောင်းမာကြောင်း၊ တိုးတက်ဖွံ့ဖြိုးစေကြောင်း၊
ကောင်းကျိုးလိုရာဆန္ဒနှင့်ပြည့် စုံစေကြောင်းဆုမွန်ကောင်းများ
တောင်းပေးကြသည်။ ဆုံးမသြဝါဒများ ပေးကြသည်။
ဗုဒ္ဓသာသနာ့ဘောင်ရှိ ရဟန်းငယ်များကလည်း
ရဟန်းကြီး၊ ဆရာတော်ကြီးများကို ရှိခိုးကန်တော့ကြသည်။
မိမိတို့တွင် အပြစ်ကြီးငယ်ရှိ ပါကလည်း ခွင့်လွှတ်ပါရန်
တောင်းပန်ကြသည်၊ ဆရာတော်ကြီးများထံမှ သြဝါဒကိုခံယူကြသည်။

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။
အကြောင်းက နတ်ပြည်၌နတ်ပရိတ်များကို အဘိဓမ္မာဒေသနာ
အကျယ်ဟောကြား ပြီးဆုံးသောနေ့သည်
*သီတင်းကျွတ်လပြည့်နေ့*ဖြစ်သောကြောင့်တည်း။

စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာအကျဉ်း
ဟောကြားပြီးဆုံးသောနေ့သည်လည်း*သီတင်းကျွတ်လပြည့်နေ့*
ဖြစ်သည်။
တဖန်အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား
အဘိဓမ္မာဒေသနာကို မကျဉ်းမကျယ် အလယ်အလတ်
ဟောကြားပြီးဆုံးသော နေ့သည်လည်း
*သီတင်းကျွတ်လပြည့်နေ့* ဖြစ်သည်။

* အဘိဓမ္မာ(၇)ကျမ်း *
၁။ ဓမ္မသင်္ဂဏီ၊
၂။ ၀ိဘင်း၊
၃။ ဓာတုကထာ၊
၎။ ပုဂ္ဂလပညတ်၊
၅။ ကထာဝတ္ထု၊
၆။ ယမိုက်၊
၇။ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည်။

(၁)ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ်အားဖြင့်
ဟောကြားတော်မူသော ကျမ်းကို*ဓမ္မသင်္ဂဏီကျမ်း*ဟုခေါ်သည်။

(၂)ခန္ဓာစသောတရားတို့ကိုသုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့်
မေးအဖြေပြုလုပ်ကာအကျယ်ဝေဖန်ဟောကြားသောကျမ်းကို
*၀ိဘင်း ကျမ်း*ဟုခေါ်သည်။

(၃)ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို
*ဓာတုကထာ*ဟုခေါ်သည်။

(၄)ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍
ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟုခေါ်သည်။

(၅)အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ
အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို*ကထာဝတ္ထု*ဟုခေါ်သည်။

(၆)အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်
သံသယအစုံစုံပြု၍ ဟောကြားတော်မူသောကျမ်းကို
*ယမိုက်ကျမ်း*ဟုခေါ်သည်။

(၇)အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊
ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့်
ဝေဖန်သော ကျမ်း၊
သဗ္ဗညုတဥာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို
*ပဋ္ဌာန်းကျမ်း*ဟု ခေါ်သည်။

အဘိဓမ္မာတရားသည်
(အမိကျေးဇူးဆပ်တရားဖြစ်ခြင်း)
(နတ်ပြည်၌ဟောကြားခြင်း)
(သုံးလကြာမျှဟောရခြင်း)
(ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်း)
ဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာတရားသည်
(ပါဠိ၏ နက်နဲခြင်း)
(သဘောအဓိပ္ပာယ်၏ နက်နဲခြင်း)
(ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း)
(ဥာဏ်တော်၏ နက်နဲခြင်း)
စသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို
(သင်ယူခြင်း)(ကြားနာခြင်း)(ရွတ်ဖတ်ပူဇော်ခြင်း)ကြောင့်
လင်းနို့သားရဟန်းငါးရာကဲ့သို့ နမရူပပရိစ္ဆေဒဥာဏ်ရင့်သန်ခြင်း၊
မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ်ခြင်း၊
ဘေးဥပါဒ်အန္တရယ်ကင်းဝေးခြင်း၊
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော
အကျိုးထူး တရားများရရှိနိုင်သည်။

၈ရက်နေ့တွင်ကျရောက်မည့်
သီတင်းကျွတ်လပြည့်နေ့အားပူဇော်လျှက်

No comments:

Post a Comment