Wednesday 8 October 2014

နောက်ဆုံးမြှားချက်များ



(တစ်)
ရုပ်ရှင်ကားတွေထဲမှာ ကျွန်တော်အမုန်းဆုံးအခန်းဟာ သေဆုံးခါနီး စကားတွေအများကြီးပြောသော အခန်းပဲ ဖြစ်ပါသည်။ လူတစ်ယောက်ဟာသေခါနီးမှာ ရုပ်ရှင်ကားတွေထဲကလို စကားတွေအများကြီး ပြောသွားနိုင်ပါသလား။ သွေးကင်ဆာနှင့် သေဆုံးခဲ့သော ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ မသေခင်မှာ သွေးပုလင်းတွေကော ဆေးပုလင်းတွေပါချိတ်ရင်းတန်းလန်းနှင့် သတိလစ်မေ့မျောကာ နောက်ဆုံးအသက်ပါထွက်သွားခဲ့သည်။ ဆီးချိုရောဂါနှင့် သေဆုံးသွားသော အိမ်ဘေးနားက မိန်းမ တစ်ယောက်ဆိုလျှင် ဆယ်ရက်တိုင်တိုင် သတိလစ်နေရာက အသက်ရှုရပ်သွားသည့်တိုင်အောင် စကားတစ်ခွန်းမှ ပြောခွင့်မရခဲ့ပါ။ လူတစ်ယောက်ဟာ သေဆုံးခါနီးအချိန်မှာ စကားတွေအများကြီး ပြောသွားနိုင်ပါသလား။
ဘာပဲဖြစ်ဖြစ် အမေရိကန်သမ္မတသီယိုဒိုရုစဘဲ့ကတော့ သေဆုံးခါနီး ကုတင်ပေါ်လဲလျောင်းနေခိုက်မှာ ကျေးဇူးပြုပြီး မီးရောင်တွေကို ပိတ်ပစ်လိုက်ပါ - ဟုပြောသွားခဲ့သူဖြစ်သည်။
သေဆုံးခါနီးမှာ သတိကောင်းစွာရနေမည်ဆိုလျှင်တော့ ကျွန်တော့်မှာလည်း ပြောစရာစကား အနည်းငယ်တော့ ရှိနေနိုင်ပေမည်။ ထိုစကားတွေထဲမှာ - လူဆိုတာနောက်ဆုံးတော့လည်း ဒီလမ်းကို ရောက်ရတာပဲ - ဆိုသည့်စကားကိုတော့ ကျွန်တော်မပြောချင်ဆုံးဖြစ်သည်။ ဒါမှမဟုတ်လည်း - မိန်းမရေ ငါဟာမင်းဘ၀ကို ပြည့်စုံအောင်မထားနိုင်ခဲ့ဘူး၊ ငါနဲ့ပေါင်းလာတဲ့ကာလတစ်လျှောက်လုံး အခုလိုဆင်းဆင်းရဲရဲ နေခဲ့ရတဲ့အတွက် ငါ့ကိုခွှင့်လွှတ်ပါကွာ - ဆိုသည့်စကားမျိုး၊ ဒါမှမဟုတ်လည်း - အမေရေ အမေမျှော်လင့်သလို ကျွန်တော်ဟာ ချမ်းသာတဲ့ကောင်ဖြစ်မလာခဲ့ဘူး - ဆိုသည့် စကားမျိုး တွေကို သေခါနီးမှာ ကျွန်တော်မပြောချင်ဆုံး ဖြစ်သည်။
ဒါမှမဟုတ်လည်း - အဖေဟာ သားသမီးတွေအပေါ်တာဝန်မကျေခဲ့ဘူး၊ ကားလေးတစ်စီး၊ ဟန်းဖုန်းလေးတစ်လုံးနဲ့ ကုမ္ပဏီလေးတစ်ခုတောင် မချန်သွားနိုင်ခဲ့ဘူး - ဆိုသည့်စကားမျိုးကို ပြောခဲ့မိမှာလား စဉ်းစားကြည့်မိပြန်၏။ ဘာပဲဖြစ်ဖြစ်သေခါနီးမှာ ထိုစကားတွေပြောရတာကတော့ အတော့်ကို ၀မ်းနည်းဖို့ကောင်းတာပါ။ ဒီစကားတွေဟာ လူ့ဘ၀ကြီးကိုလက်မြှောက်အရှုံးပေးရင်း ထွက်ခွာသွားပါပြီလို့ ကြေညာရာလည်း ကျပါသည်။ လောကမှာရိုးသားရုံနှင့်မပြီးဘဲ ကြိုးစားဖို့ပါ လိုသေးကြောင်း သားသမီးတွေကို ပြောချင်ပေမယ့် ထိုစကားဟာလက်တွေ့နှင့်အံဝင်ခွင်ကျ မဖြစ်မှာ ကိုတော့ ကျွန်တော်အစိုးရိမ်ဆုံးဖြစ်သည်။ ဒါဆိုရင် သေခါနီးမှာ ဘယ်လိုစကားကို ပြောခဲ့သင့်ပါသလဲ။
အခန်းပေါင်း ၄၂ ခန်းပါသောအိမ်ကြီးမှာ မွေးဖွားခဲ့ပြီး ချမ်းသာမှု၊ အောင်မြင်ကျော်ကြားမှုများနှင့် နေလာခဲ့ရာမှ စည်းစိမ်အားလုံးကို စွန့်လွှတ်ကာ နောက်ဆုံးဘ၀ကိုဆင်းဆင်းရဲရဲနှင့် အဆုံးသတ်ခဲ့ရသူ ကမ္ဘာကျော်စာရေးဆရာကြီး လီယိုတော်လ်စတွိုင်းကတော့ သူသေခါနီးမှာ - ဘုရားသခင်ဟာ အရာခပ်သိမ်းကို စီမံတော်မူပါလိမ့်မယ် - လို့ ပြောခဲ့ပါသည်။

(နှစ်)
လူတွေဟာ သေဆုံးခါနီးမှာ ထိုကဲ့သို့စကားတွေကို ပြောနိုင်ခဲ့ပါသလား။ ဒါမှမဟုတ် ထိုကဲ့သို့သော စကားတွေကပဲ သေဆုံခါနီးအချိန်မှာ လူတစ်ယောက်အတွက် နောက်ဆုံးပိတ်ရမည့် အခွင့်အရေး တစ်ရပ်ပေပဲလား။
တစ်ချို့ကတော့ ထိုသို့မဟုတ်ဘဲ မသေမီအချိန်စောစောကပင် သူသေခဲ့လျှင် ဘာဖြစ်ချင်သည်ကို သေတမ်းစာအဖြစ်ရေးသားခဲ့ကြပြန်သည်။ တစ်ချို့မိန်းမနှင့် သားသမီးတွေများသူကျပြန်တော့လည်း သူသေခဲ့လျှင် ဘယ်မိန်းကိုကားပေး၊ သားသမီးကိုစိန်ပေး၊ ဘယ်သားသမီးကို ကုမ္ပပေး စသည်ဖြင့် သေတမ်းစာကြိုတင်ရေးပြီး ရှေ့နေတွေနှင့် အဆင်သင့်လုပ်ထားကြပြန်၏။
ဒါကလည်းအတော်ချမ်းသာသောလူတွေအတွက်သာဖြစ်ပြီး မိန်းမတွေ၊ သားသမီးတွေကများ၊ ပိုက်ဆံလည်းချူးတစ်ပြားမှ မရှိသူတွေကတော့ ထိုသို့မလုပ်နိုင်ကြပါ။ ထိုသို့မလုပ်နိုင်သည့် အပြင် ထိုမသာတွေဟာ သေခါမှ အဆဲခံရ၊ အပြောခံရသည့်မသာတွေလည်း ဖြစ်နိုင်ပေမည်။
လူကသာအသုံးမကျတာ၊ မိန်းမတွေကအများသားဗျ။ ခုတော့နောက်ဆုံးယူထားတဲ့ ကောင်မလေး အိမ်မှာသေသွားပြီတဲ့လေ။ နေရတဲ့အိမ်ကလည်း ကင်းတဲသာသာပါဗျာ။ ကောင်မလေးကလည်း ဆက်ရက်တောင်ပံကျိုးဗျ - စသည့်စကားတွေက ထိုမသာရဲ့နောက်ဆုံးအချိန်မှာ အပြင်းစား ရိုက်ချက်တွေအဖြစ် ကြားဖြတ်ကြော်ငြာဝင်ကြပေဦးမည်။
ဘာပဲဖြစ်ဖြစ် တစ်ချို့လူတွေဟာ မသေဆုံးခင်မှာ အကောင်းဆုံးစကားတွေ ချန်သွားတာတော့ အမှန်ပဲ ဖြစ်၏။ အမတ်ကြီးဦးပေါ်ဦးကတော့ သူသေသည့်အခါသူ့လက်တစ်ဖက်ကို အခေါင်းအပြင်မှာ ထုတ်ထားပါဟု မှာခဲ့သူဖြစ်၏။ အခေါင်းအပြင်ဘက်ကိုထွက်နေသည့် သူ့လက်ကိုကြည့်ပြီး လူတွေဟာ သေဆုံးသည့်အခါဘာတစ်ခုမျှ ယူမသွားနိုင်ဘူးဟု ကျန်ရစ်သူတွေသံဝေဂယူဖို့ပဲ ဖြစ်သည်။

(သုံး)
ခုခေတ်မှာဒါမျိုးလုပ်လို့ကတော့ - ဒီမသာဟာတော်တော်စတန့်ထွင်တယ် - ဟု ပြောချင်ပြောကြဦးမှာ ဖြစ်၏။
တစ်ကယ်တော့လည်းလူ့ဘ၀ဆိုတာ အတော့်ကိုတိုတောင်းသောကာလတစ်ခုသာဖြစ်၏။ ဒါကြောင့်မို့ လည်းပညာရှိတွေက လူ့ဘ၀ကိုရေပွက်ပမာခဏတာဟု တင်စားခဲ့ကြခြင်းဖြစ်မည်ထင်သည်။
အောင်မြင်မှုတွေရနေချိန်၊ ဥစ္စာစီးပွားတွေတက်နေချိန်မှာ မိုးမမြင်၊လေမမြင် အပျော်ကြီး ပျော်ခဲ့ကြပေ မယ့် ကျဆုံးချိန် ပျက်စီးချိန်ရောက်သည့်အခါ လူ့ဘ၀ကြီးဟာ အုံ့ဆိုင်းနေတဲ့ မိုးကာလနေ့ရက်တွေလို ၀မ်းနည်းစရာကြီး ဖြစ်လာတော့သည်။
ပညာရှိတွေဟာ ထိုအချိန်တွေကို ကြံ့ကြံ့ခံနိုင်ပေမယ့် ပညာမဲ့သူတွေကတော့ ထိုအချိန်ကို ကြံ့ကြံ့မခံနိုင်တော့ပါ။ လူ့ဘ၀ဆိုတာကလဲ လောကဓံရှစ်ပါးနှင့် နယ်ဖတ်ထားတဲ့ ခပ်ညံ့ညံ့ထမင်းတစ်ပွဲ သာဖြစ်၏။ တစ်ပြိုင်နက်မှာ အကောင်းအရသာရော၊ အဆိုးအရသာပါ ခံစားနိုင်သော ထိုထမင်းပွဲကို ကျွန်တော်ကော ခင်ဗျားပါ မြိန်ရေယှက်ရေ စားသုံးနေခဲ့ကြတာ မဟုတ်လား။
ဘာပဲဖြစ်ဖြစ် လူတွေဟာ သေခါနီးလို့ သတိကောင်းစွာရနေချိန်မှာ သေခြင်းတရားအပေါ်မတုန်မလှုပ် ဘဲ ပြောစရာရှိတာတွေကို ပြောသွားဖို့တော့ လိုအပ်နိုင်၏။ ဒါပေမယ့်လည်း ရုပ်ရှင်ကားတွေထဲကလို အရှည်ကြီးဖြစ်ဖို့တော့ လိုမည်မထင်ပါ။
ငုယင်ဗန်ထရွိုင်းဟာ သူ့ကိုသတ်ခါနီးမှာ - အမေရိကန်နယ်ချဲ့များကျဆုံးပါစေ။ နယ်ချဲ့တွေဗီယက်နမ် ကထွက်သွား။ ငုယင်ခမ်းကျဆုံးပါစေ၊ မြောက်ဗီယက်နမ်သမ္မတဟိုချီမင်းသက်တော်ရာကျော် ရှည်ပါစေ ဟု ပြောသွားခဲ့သူဖြစ်၏။
စပိန်နယ်ချဲ့တို့၏လက်ချက်ဖြင့်သေဆုံးခဲ့သူ ဖိလစ်ပိုင်လူမျိုးတို့၏ အမျိုးသားအာဇာနည် ဟိုဆေးရီဇာ ကတော့ သူ့ကိုသတ်မည့်အချိန်လေးမှ သေနတ်သမားတွေနှင့် မျက်နှာချင်းဆိုင်ထားပေးဖို့ တောင်းဆို ခဲ့သည်။ သို့သော်နယ်ချဲ့တွေက သူ့တောင်းဆိုချက်ကို ခွင့်မပြုဘဲ သူ့ကို နောက်ကျောဆီမှ သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်ခဲ့ပါသည်။
ဆရာတော်ဦးဝိစာရကလည်း နယ်ချဲ့အင်္ဂလိပ်တို့ကို အစာငတ်ခံဆန္ဒပြရင်း ပျံလွန်တော်မူခါနီးမှာ မြန်မာပြည်သူလူထုကို လိမ်လိမ်မာမာနေရစ်ကြ - ဟုမှာသွားခဲ့သည်။( မြန်မာတွေကတော့ ယခုထိတိုင် မိုက်လို့ကောင်းတုန်း ဖြစ်ပါသည်)
ငယ်စဉ်အခါက တစ်နာရီဆယ်ပြားနှုန်းနှင့် နေပူပူမှာ အာလူးတူးခဲ့ရသူ၊ ငယ်ချစ်ဦးက လက်ထပ်ဖို့ ရာ ငြင်းဆန်ခြင်းခံခဲ့ရသူ၊ ကြီးလာလို့သူဌေးဖြစ်လာသည့်အခါ ပေါင်သန်း ၁၅၀ ပေးလှူနိုင်ခဲ့သူ အမေရိကန်သူဌေးကြီး ရော့က်ဖဲလားကတော့ သူအသက်တစ်ရာပြည့်အောင်နေရတဲ့ တစ်နေ့မှာ ဘင်တီးဝိုင်းအဖွဲ့ကိုဦးဆောင်ပြီး - မင်းနဲ့ငါ ငယ်ငယ်တုန်းကပေါ့ ပက်ဂီရာ - ဆိုသည့်သီချင်းကို တီးမှုတ်သီဆိုမည် ဆိုခဲ့ပေမယ့် သူအသက်တစ်ရာပြည့်သည်အထိ နေမသွားရရှာပါ။

(လေး)
လူဆိုတာ ပုထုဇဉ်တွေသာများတာမို့ လူ့ဘ၀သက်တမ်းတိုတိုလေးထဲမှာ အမှားနှင့် အမှန်ကို လုပ်ကြ ရာမှာ အမှားကိုသာများစွာ လုပ်ခဲ့ကြပြန်၏။ (ဒါဟာ ကျွန်တော်တစ်ယောက်တည်းအတွက်လည်း ဖြစ်ချင်ဖြစ်နိုင်ပါသည်)
တချို့ကျတော့လည်း တရားအလုပ်တွေလုပ်နေကြသည့်တိုင် သူ့တရားမှကောင်းသည်၊ ငါ့တရားမှ ကောင်းသည်ဟု ငြင်းဖြစ်အောင် ငြင်းနေကြသူတွေ ရှိနေခဲ့၏။ ထိုလူတွေသေသည့်အခါ နာရေး ကြော်ငြာမှာ ဘုရားဒါယကာ၊ ရဟန်းဒါယကာ၊ ဘယ်ရိပ်သာရဲ့ ထာဝရရောဂီ စသည်ဖြင့် ဖော်ပြကြပေမယ့် ဘာမကောင်းမှုတွေလုပ်ခဲ့ဖူးသည်ကိုတော့ ဘယ်သူမှ ဖော်ပြမည်မထင်ပါ။
ကျွန်တော်သေဆုံးသည့်အခါ မကောင်းတာ လုပ်ခဲ့တာတွေကို မဖော်ပြချင်နေ။ ထိုကဲ့သို့ ကောင်းတာလုပ်ခဲ့တာတွေကိုလည်း မဖော်ပြဖို့ ကျွန်တော်ပြောခဲ့ရပေမည်။ ဘာကြောင့်လည်းဆိုတော့ ထိုအရာတွေဟာ ကျွန်တော့်အတွက် ဘာမျှအသုံးမ၀င်တော့သလို သူများအတွက်ပါ မျက်စိ နောက်စရာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။
လူတွေသေခါနီးမှာ ထိုကဲ့သို့စကားတွေပြောနိုင်လောက်အောင် သတိတွေကောင်းစွာ ရှိနေနိုင်ပါ သလား။ ဘာပဲဖြစ်ဖြစ် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့သူဘုရားရှင်ကိုယ်တော်မြတ် ကတော့ပရိနိဗ္ဗာန်စံခါနီးမှာ သူ့ရဲ့သားတော်ရဟန်းတော်တွေကိုခေါ်ယူပြီးနောက်ဆုံးစကားတစ်ခွန်း မှာကြားခဲ့ဖူးသည်။ ထိုစကားဟာ လောကသုံးပါမှာ အဖိုးတန်ဆုံး စကားဖြစ်ပြီး - ၀ယဓမ္မင်္သခါရ၊ အပ္ပမာ ဒေန၊ သမ္ပာဒေထ ဟူ၍ဖြစ်သည်။ အဓိပ္ပါယ်ကလည်း ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကို နေ့ရော၊ ညပါအခါမလပ်သတိကပ်၍ ရှုမှတ်ပွားများ၍နေကြကုန်လော့ - ဟူ၍ ဖြစ်ပေသည်။

မောင်ကျော်သာ(ပဲခူး)
စရဏမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၀၆

No comments:

Post a Comment