Tuesday 7 October 2014

မသန်ပေမယ့်စွမ်းပါတယ်


၁၉၄၆ခုနှစ် ဧပြီ၆ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ကျီဘာခရိုင်၊ အဲဒိုးဂါဝါမြို့နယ် ဆေးရုံတွင် ကလေး တစ်ယောက်ကို မိခင်တစ်ဦးက မွေးဖွားပေးလိုက်သည်။ ထူးခြားချက်ကား ထိုကလေးတွင် ခြေနှစ်ချောင်းနှင့် လက်နှစ်ဖက်စလုံး ပါမလာခြင်းပင်တည်း။
လက်နှစ်ချောင်းသည် တံတောင်ဆစ်အောက်နားမှ စ၍ ပါမလာခဲ့သလို ခြေနှစ်ချောင်းသည်လည်း ဒူးဆစ်အထက်နားမှစ၍ ပါမလာခဲ့ချေ။ ကလေးကိုမြင်လျှင် မိခင်ဖြစ်သူ သွေးတက်ပြီး သေသွားနိုင်သဖြင့် မိခင်နှင့်ကလေးကို ရောဂါ အကြောင်းပြုပြီး ခွဲထားကြသည်။
ရက်အတန်ကြာလာသောအခါ ကလေးကို မိခင်ထံပြဖို့ ဆရာဝန်များမှာ အတော်ပြင်ဆင်ရသည်။
မူးမေ့လဲသွားလျှင် အောက်ဆီဂျင်ပေးဖို့၊ ပစ်လဲကျမသွားစေရန် သန်မာသော အမျိုးသား တစ်ယောက်က ဆွဲဖမ်းထားဖို့စသော အစီအစဉ်များ လေ့ကျင့်ပြီး သေချာသောအခါတွင်မှ ကလေးကို မိခင်ထံ ခေါ်လာပြီးပြလိုက်ကြသည်။ ကလေးကိုမြင်လိုက်ရသည်နှင့် မိခင်နှုတ်မှ ရုတ်တရက် ထွက်လာသော စကားမှာ....... ဟယ်..... ချစ်စရာလေး ဟူ၏။

ခြေလက်မပါဘဲ ချစ်စရာကောင်းသော ပစ်တိုင်းထောင်ကဲ့သို့ အရုပ်မျိုးကို ၎င်းမိခင်က တွေ့ဖူးထားဟန် တူသည်။ စိတ်ဓာတ်ပျော့ညံ့သူသည် အဆိုးလောကဓံကို အဆင်းလှေခါးအဖြစ် အသုံးချသည်။ စိတ်ဓာတ်ခိုင်မာသူသည် အဆိုးလောကဓံကို အတက်လှေခါးအဖြစ် အသုံးချသည်ဟူသော
ဒဿနနည်းဖြင့် တွက်လျှင် ထိုမိခင်မျိုးသည် စိတ်ဓာတ်ခိုင်မာသော မိခင်မျိုးသာ ဖြစ်ပါလေ၏။

အသေမွေးတာထက်စာလျှင် ခြေပြတ်လက်ပြတ်မွေးတာ ကတော်သေးသည်ဟု အကောင်းမြင်ဝါဒရှိသော မိခင်ဖြစ်သောကြောင့်လည်း အိုးတိုးဗောကဲဟီရိုးထဒါ အမည်ရှိ ဒုက္ခိတ လူငယ်လေးတစ်ယောက်သည် တက္ကသိုလ်မှ ဘွဲ့ရပြီး စာရေးဆရာ ကမ္ဘာကျော်တစ်ယောက် ဖြစ်လာခဲ့ရခြင်းပင်။
အိုးတိုး၏မိခင်သည် လူ့ဘဝကို အချစ်ဝတ္ထုတစ်ပုဒ်ကဲ့သို့ သဘောထားသူဖြစ်သည်။ အချစ်ဝတ္ထုတစ်ပုဒ် ရေးလျှင် ဗီလိန်ခေါ်လူဆိုးတစ်ဦး အမြဲပါရသည်။ မင်းသားနှင့် မင်းသမီး၏အချစ်ကို သူကရအောင်ခွဲမည်။ မင်းသားနှင့်မင်းသမီးက ထိုအခက်အခဲများစွာကို ကျော်လွှားရလေ ဝတ္ထုက ပိုမိုအရသာရှိလေ ဖြစ်သည်။
လူဆိုးခေါ်ကြလေသတည်း ဆိုလျှင်၊ ဖျက်ဆီးသူမပါဘဲ မင်းသားနှင့်မင်းသမီး တွေ့ချစ်၊ ညားလေသတည်း ဆိုလျှင်၊ ထိုအချစ်ဝတ္ထုသည် ဘာမျှစိတ်ဝင်စားစရာမကောင်းချေ။ ထို့အတူ ဘဝအောင်မြင်ရေးအတွက် ကြိုးစားအားထုတ်ရ၌ အခက်အခဲများကို ကြောက်စရာမလိုချေ။
အခက်အခဲမရှိဘဲ ဘဝအောင်မြင်မှုရသွားသူ၏ အရသာထက် အခက်အခဲကို ကျော်လွှားပြီး အောင်မြင်မှုရသွားသူ၏ အရသာက အဆပေါင်းများစွာ သာလွန်ကြောင်းကို လက်တွေ့ကြုံဖူးသူများက ပိုသိပေသည်။
လက်ကောင်းခြေကောင်း သားတစ်ယောက်ကို အောင်မြင်မှုရအောင် လုပ်ပေးရသောမိဘ၏ အရသာထက် လက်မပါခြေမပါ ကလေးတစ်ယောက်ကို အောင်မြင်မှုရအောင် လုပ်ပေးနိုင်သော မိဘ၏အရသာက အဆပေါင်းများစွာ သာလွန်မည်မှာ သေချာပေသည်။ အိုးတိုး၏ မိဘနှစ်ပါးသည် အခက်အခဲကြီးလေ အောင်ပွဲကြီးလေဟု ခံယူထားသူ အာဇာနည်များသာဖြစ်ပါလေ၏။
ပါရဂူ၏ ဗုဒ္ဓဂါယာခရီးသည် ဟူသောစာအုပ်ကြီးထဲတွင် ခေါင်းဆောင်ကောင်း သင်္ဘောကပ္ပတိန် တစ်ယောက်အကြောင်းကို ဖတ်ခဲ့ရဖူးသည်။ သင်္ဘောကြီးနစ်မြုပ်သောအခါ ကပ္ပတိန်က အကြောက်မလွန်ကြရန်၊ ဟိုပြေးသည်ပြေးမလုပ်ကြရန် သတိပေးလိုက်သည်။
ထို့နောက် အသက်ကယ်လှေများပေါ်တွင် ပထမ ရဟန်းတော်များ၊ ဒုတိယကလေးများ၊ တတိယ အမျိုးသမီးများစသည်ဖြင့် အစဉ်အတိုင်း တက်စေကာ ဘေးလွတ်ရာသို့ သွားစေသည်။ အသက်ကယ်လှေများသည် သင်္ဘောပေါ်ရှိ လူကုန်မတင်နိုင်ပေ။ တချို့ကသင်္ဘောနှင့်အတူ အသက်စွန့်ကြရမည်ဖြစိသည်။
ခရီးသည်အများစုကို အသက်ဘေးမှ ကယ်တင်ပြီးသော် ကပ္ပတိန်သည်
သင်္ဘောကြီးနှင့်အတူ အသေခံလိုက်လေသည်။ မသန်စွမ်းသားသမီးတို့၏ မိဘများသည် ထိုကပ္ပတိန်ကဲ့သို့ဖြစ်သင့်သည်။

ဒုက္ခိတကလေးငယ်ကိုကြည့်ပြီး မိမိက အရင်ကြေကွဲနေမည်ဆိုလျှင် ဒုက္ခိတကလေးက ဘာမျှ မလုပ်နိုင်တော့ဘဲ တစ်သက်လုံး ထိုင်ငိုနေပေလိမ့်မည်။ ထို့ကြောင့် ဒုက္ခိတသားသမီးတို့၏ မိဘများသည် မိမိတို့သားသမီးကို ဒုက္ခိတကဲ့သို့ မဆက်ဆံဘဲ လူကောင်းကဲ့သို့ ဆက်ဆံပေးသင့်သည်။
ဒုက္ခိတဖြစ်သော အိုးတိုးလေးတစ်ယောက် ထူးချွန်သူတစ်ယောက် ဖြစ်လာရခြင်းမှာ သူ၏ မိဘများ၊ ဆရာများ၊ သူငယ်ချင်းများက လူကောင်းတစ်ယောက်ကဲ့သို့ ဆက်ဆံသောကြောင့်ဖြစ်သည်။ တချို့မိဘများသည် ဒုက္ခိတကလေးများကို မည်သူနှင့်မျှ အတွေ့မခံဘဲ အိမ်ထဲတွင် တံခါးပိတ် ထားတတ်ကြသည်မှာ အလွန်မှားယွင်းသည်။
အိုးတိုး၏ မိဘများကား ထိုသို့မဟုတ်။ အိုးတိုးကို လူတကာမြင်အောင်၊ လူတကာနှင့်ခင်အောင် ဘယ်သွားသွား ချီပိုးခေါ်သွားတတ်သည်။ တွေ့သမျှလူများကလည်း ဟယ်.... အရုပ်ကလေးကျနေတာပဲ၊ ချစ်စရာလေးဟုသာ ပြောသွားတတ်ကြသည်။ ထိုစကားသည် အိုးတိုးတစ်ယောက် ဘဝအမြင့်သို့တက်ဖို့ လှေခါးတစ်စင်း ဖြစ်သွားလောက်အောင် ခွန်အားပြည့်ဝလှသည်။
ထိုမြင့်မြတ်သော စိတ်ဓာတ်ကြောင့်လည်း ဂျပန်
နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံဘဝသို့ ရောက်ရှိနေရခြင်း ဖြစ်သည်။ မြန်မာ အများစုကား ဒုက္ခိတတစ်ယောက် ကြိုးစား၍ အရာရောက်လာပြီဆိုလျှင် ဝိုင်းဝန်းနှိမ်တတ်ကြ၊ ဖယ်တတ်ကြသည်။
မြို့တစ်မြို့မှ အမျိုးသမီးလေးတစ်ဦးသည် ပိုလီယိုရောဂါကြောင့် ကလေးဘဝကတည်းက ချိုင်းထောက်နှစ်ဖက်ဖြင့် ကျောင်းတက်ခဲ့ရသည်။ ဘွဲ့ရ၍ သူတို့မြို့မှ တက္ကသိုလ်တစ်ခုသို့ အလုပ် သွားလျှောက်သောအခါ မသန်စွမ်းမှုကို အကြောင်းပြ၍ ခါးခါးသီးသီး ငြင်းပယ်လွှတ်ကြသည်။

မသန်စွမ်းသူ ကထိကကို တွေ့ရလျှင် မိမိတို့တက္ကသိုလ် အထင်သေးခံရမည်ဟု မြင်နေကြသည်မှာ အမြင်ကျဉ်းမြောင်းမှုပင် ဖြစ်သည်။ သမ္မတတာဝန်ကို နှစ်ကြိမ်တိတိ အောင်မြင်စွာ ထမ်းဆောင်ခဲ့သော အမေရိကန်သမ္မတ သီအိုဒိုရုစဗဲ့မှာ အောက်ပိုင်းမသန်သောကြောင့် ဝှီးချဲလ်ဖြင့် သွားလာနေရသူဖြစ်သည်။
သံဖြူဇရပ်မြို့သို့ အရောက်တွင် မွေးရာပါ ခြေနှစ်ဖက်မသန်စွမ်းသော ဘွဲ့ရ ကလေးမတစ်ယောက် စာရေးသူကို လာတွေ့ပြီး ယခုကဲ့သို့ ပြောပြသည်။
တပည့်တော်မဟာ မသန်တော့ ချိုင်းထောက်မသုံးရပေမယ့် ထော့နင်းထော့နင်းတော့ သွားရပါတယ်ဘုရား သချာင်္နဲ့ကျောင်းပြီးအောင် သူတကာထက် နှစ်ဆကြိုးစားခဲ့ရပါတယ် ဘွဲ့ရလို့ ဆရာမအလုပ်လည်း လျှောက်ရော ဒီမသန်စွမ်းတဲ့အချက်ကိုပဲ အပြစ်ရှာပြီး အလုပ်မခန့်ခဲ့ဘူးဘုရား၊ တပည့်တော်တို့ဟာ မသန်စွမ်းတဲ့ဘဝမို့ မွေးကတည်းက အားငယ်နေသူတွေပါ၊
အခုလိုအပြစ်မရှိဘဲ အနှိမ်ခံရတော့ ပိုပြီး အားငယ်တာပေါ့ဘုရား ဒီအကြောင်းတွေကို စာအုပ်ထဲမှာ ထည့်ရေးစေချင်လို့ လာပြောတာပါဘုရား။

ထိုမိန်းကလေးကို ရွှေုပြည်သာမြို့နယ်၊ သံဒင်းရပ်ကွက်ရှိ၊ မြိုင်ပရဟိတ သီလရှင်စာသင်တိုက်တွင် ဆရာမအလုပ် ရအောင် ကူညီပေးလိုက်သည်။ အနောက်နိုင်ငံမှ လူအများစုသည် မသန်စွမ်းသူကို အထူးအရေးပေးကြသည်။ ကားများ၊ ရထားများပေါ်တွင် မသန်စွမ်းသူတို့အတွက် သီးသန့်နေရာ လုပ်ပေးထားကြသည်။
လေဆိပ်မှ အိမ်သာများတွင်ပင် မသန်စွမ်းသူအတွက် သီးသန့် အိမ်သာတစ်မျိုး ပြုလုပ်ပေးထားကြသည်။ အမြင့်ပေါ်တက်ရသော အထင်ကရနေရာ အများစုတွင် ဝှီးချဲလ်တက်စရာ လမ်းကို သီးသန့် လုပ်ပေးတက်ကြသည်မှာ လေးစားစရာကောင်းလှသည်။
အင်းလေးမှ လက်မပါ၊ ခြေမစုံကလေးများ ရေးသားသော ယွန်းပန်းချီ၊ ပေချပ်ပန်းချီများကိုလည်း တကူးတက အများဆုံး အားပေးကြသည်မှာလည်း ထိုအနောက်နိုင်ငံသားများပင် ဖြစ်သည်။ ပြင်ဦးလွင်တွင် မျက်မမြင်ဆိုင်းဝိုင်းနှင့် တီးဝိုင်းအဖွဲ့ကြီးရှိသည်။ သို့သော် မင်္ဂလာမရှိဟူသော အကြောင်းပြချက်ဖြင့် အလှူမင်္ဂလာပွဲများတွင် သိပ်မငှါးကြချေ။ အနောက်နိုင်ငံမှာသာဆိုလျှင် မျက်မမြင်ဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့သည် ကမ္ဘာကျော်မည်ဖြစ်သည်။
အနောက်နိုင်ငံသားများသည် ထိုသို့ အားငယ်သူကို အားပေးတတ်ကြသော မေတ္တာ၊ ကရုဏာကြောင့် ထိပ်ဆုံးအဆင့်သို့ ရောက်နေကြခြင်းဖြစ်သည်။ မြန်မာအများစုကား အားငယ်သူကို ဘေးဖယ်တတ်သော အကျင့်ကြောင့် ကမ္ဘာတွင် အဆင်းရဲဆုံးသို့ ရောက်နေကြခြင်းဖြစ်သည်။

မေတ္တာရှင်(ရွှေပြည်သာ)

No comments:

Post a Comment