ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့
သမိုင်းကြောင်းကိုကြည့်သော် အလွန်အဓိကအခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပေသည်၊
ဗုဒ္ဓသာဝင်တို့အတွက်အထူးအလေးထားရာ လမြတ်တစ်ခုလည်းဖြစ်သည်။ အဓိကကျပြီး အလေးထားစရာ
ဖြစ်ရခြင်းအကြောင်းမှာ....
သန္ဓေ၊တောထွက်၊ ဓမ္မစက် မိန့်မြွက်သံချိုလ၀ါဆို....ဟူသော လင်္ကာအရ
သိဒ္ဓတ္ထအလောင်းတော်သည် ပဋိသန္ဓနေတဲ့လ၊ တောထွက်တဲ့လ၊ ဓမ္မစကြာဟောကြားတဲ့လ အဓိကနေ့ရက်တွေဟာ ၀ါဆိုလမှာပဲ ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။
တဖန် ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့် သင်္ကန်းကိုဖြစ်စေ၊ ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့်သင်္ကန်းကို ဝါဆိုသင်္ကန်းဟုခေါ်ပါတယ်။ ကာလ ဒါနသင်္ကန်းဟုလည်း ခေါ်နိုင်ပါသေးတယ်။
မြန်မာလို ၀ါဆိုသင်္ကန်းလို့ဆိုပြီး လှူဒါန်းလေ့ရှိတဲ့ သင်္ကန်းကို ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ဿာဝါသိက စီဝရ-လို့ ဖတ်ရူလေ့လာမှတ်သားရပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင်တော့ မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ် စွာဘုရားရှင်က ဒီဝါဆို သင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။
ဝိသာခါဆိုတာ သာသနာ့သမိုင်းမှာ ကျေးဇူးတရားတွေ အလွန်များပြားတဲ့ အမျိုးကောင်း သမီးတစ်ယောက်လည်းဖြစ်ပါတယ်။ ၀ိသာခါလို့အသံကြားလိုက်ရင် ကျောင်းအမကြီးရဲ့နာမည်လို့ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင် ၂၅-၀ါတိတိပါတ်လုးံ သီတင်းသုံးတဲ့ သာဝတ္ထိမြို့ အရှေ့ဘက်မှာ ပုဗ္ဗာရာမ-ပုဗ္ဗာရုံဆိုတဲ့ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့ တစ်ဦးတည်းသော ကျောင်းအမကြီးဖြစ်တာရယ် ပြီးတော့……………ဘုရားရှင်အား ပစ္စည်းလေးပါးဖြင့် ထာဝရထောက်ပံ့ လှူဒါန်းကာ ပစ္စည်းလေးပါး မိခင်လည်း ဖြစ်တဲ့ အတွက်ကြောင့်ပါ ။
မိခင်ဆိုတာကတော့ ..ဘုရားရှင်မှာ ကျေးဇူးကြီးမားတဲ့ မိခင်သုးံယောက်၇ှိပါတယ် ။ နံပါတ်တစ်ကတော့ ဘုရားရှင်ကို မွေးဖွားပေးတဲ့မိခင် မယ်တော်မဟာမာယာ၊ နံပါတ်နှစ်ကတော့ ကလေးဘ၀ကနေ ကျွေးမွေးပြုစု စောင့်ရှောက်လာတဲ့ ကျွေးသမိခင် မိထွေးတော် ဂေါတမီ ၊ နံပါတ်သုးံကတော့ “စတုပစ္စယေဟိ ဥပဌာကံ ဘိက္ခုသံဃဿ မာတာပိတုဌာနီယံ” ပစ္စည်းလေးပါးဖြင့် ထာဝရထောက်ပံ့လှူးဒါန်းနေတဲ့ သူဟာလည်း မိဘ အရာ၌ တည်ပါပေကုန်၏…ဆိုတဲ့အတိုင်း ဒီနေရာမှာ ပစ္စည်းလေးပါးဖြင့် ဘုရားရှင်အားထောက်ပံ့လှူဒါန်းတဲ့ ပစ္စည်းလေးပါး မိခင် ၀ိသာခါ တို့ဖြစ်ပါတယ်။
ဒီတော့ ၀ါဆိုသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ဝါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဝါမဆိုခင်ရော ဝါဆိုနေတဲ့ ဝါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ဝါမဆိုခင်ရော ဝါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ဝါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ဝါတွင်းမှာ ဒီသင်္ကန်းကို ဝတ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀ါဆိုသင်္ကန်းလို့ စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
''အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . . '' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ '' '' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပါတယ်။
ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်ပါတယ်။
ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင်ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကိုလည်း မလွဲမသေ ရကြမည်ဖြစ်ပါတယ်။

ကျမ်းကိုး - သုတဘဏ်တိုက်)
No comments:
Post a Comment