Sunday 20 October 2013

ဆံပင်အရှည်နှေးရခြင်းအကြောင်း



Today Myanmar
တချို့တွေက ဆံပင်အရှည်မြန်တတ်ကြပြီး တချို့တွေက ဆံပင်အရှည် နှေးတာကို ကိုယ်တိုင် သတိထားမိတတ်ကြပါတယ်။ ဘာကြောင့် ဆံပင်အရှည် နှေးရသလဲဆိုတဲ့ အကြောင်းအရာတွေကို ရေးသားလိုက်ပါတယ်။

မျိုးရိုးဗီဇ

လူတစ်ဦးချင်းဆီမှာ ဆံပင်ပေါက်တဲ့ဖြစ်စဉ်တွေ မတူညီတတ်ကြပါဘူး။ လေ့လာကြည့်မယ်ဆိုရင်၂-နှစ်ကနေ ၆-နှစ်အတွင်းဆံပင်ရဲ့ အရှည်က တစ်ယောက်နဲ့တစ်ယောက် မတူညီတာကို တွေ့နိုင်ပါတယ်။ အများစုမှာတော့ ၁-လအတွင်းမှာ ဆံပင် လက်မ၀က်လောက် ရှည်ထွက် လာတတ်ပါတယ်။ အာဖရိကန်တွေထက် အာရှသားတွေက ဆံပင်ရှည်တာ နည်းနည်း နှေးတတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

လူတိုင်း ဆံပင်ကျွတ်ကြပါတယ်။ ဒါဟာ သဘာဝပါပဲ။ ကျွတ်သွားတဲ့ ဆံပင်တွေနေရာမှာ ဆံပင်အသစ်တွေ အစားထိုး ပေါက်လာပါတယ်။ အများစုက တစ်နေ့ကိုဆံပင် ၁၀၀ နီးပါး ကျွတ်တတ်ကြပြီး အဲဒီနေရာ ဆံပင်အသစ်တွေ အမြန်ဆုံး ပြန်ပေါက်လာပါတယ်။ ဆံပင်ရဲ့ပြန်ပေါက်နှုန်းက ကျွတ်တဲ့နှုန်းထက် နှေးနေရင်တော့ ဆံပင်တွေ ကျဲပါးလာပါတယ်။
ဆံပင် ကျဲပါးလာရတဲ့ အကြောင်းတွေက အများကြီးရှိပါတယ်။

အသက်အရွယ်နှင့် စိတ်ဖိစီးမှု

အသက်ကြီးလာရင် ဆံပင်တွေက အားနည်းလာပါတယ်။ အနှစ်နှစ်အလလက အပူပေးပြီး ဆံပင်ပြုပြင်တာ၊ ဓာတုပစ္စည်းတွေ အသုံးပြုပြီး ဆံပင်ကောက်တာ၊ ဖြောင့်တာတွေ လုပ်တာ စတာတွေက ဆံပင်တွေကို ပျက်စီးစေပါတယ်။ အသက်ကြီးလာတဲ့အခါ ဆံပင်က ကျွတ်တာများပြီး
ပြန်ပေါက်တာ နည်းလာလို့ ဆံပင်ကျဲလာပါတယ်။ အသက်၄၅-နှစ်ကျော်လာတဲ့အခါ ဆံပင်က အဆီထွက်တာ သိသိသာသာ နည်းလာပြီး ဆံသားတွေခြောက် သွေ့ကာ ကြမ်းလာပါတယ်။ စိတ်ဖိစီးမှုတွေ များတာ၊ နေထိုင်မကောင်းတာတွေ ဖြစ်ရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ စိတ်ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေက ဆံပင်ကျွတ်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။ မျက်နှာနဲ့
ဆံပင်ပေါင်းတင်တာ၊ ညင်သာစွာ နှိပ်နယ်ပေးတာတွေက ဆံသားသန်စွမ်းစေဖို့ အားပေးပါတယ်။

အဖျားနှစ်ခွကွဲခြင်း။

မကြာခဏခေါင်းဖြီးတာ၊ ဆံပင်ပုံစံ အမျိုးမျိုးပြုပြင်တာ၊ ဆံပင်အရောင်ချွတ်တာ စတာတွေ လုပ်ပါက ဆံပင်အဖျား နှစ်ခုကွဲတာ ဖြစ်နိုင်ခြေ များပါတယ်။ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာ၊ နေရောင်ခြည်ထိတွေ့မှု များတာတွေက ဆံသားခြောက်သွေ့ပြီး ကြွပ်ဆတ်လာပါတယ်။ ဆံပင် အရောင်ချွတ်တာ၊ ဓာတုပစ္စည်းအသုံးများတာတွေက ဆံပင်ရဲ့ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းစေပြီး အစိုဓာတ်ကို လျော့နည်းစေပါတယ်။ ဆံသား ၁-လကို လက်မတစ်ဝက်လောက် ရှည်ထွက်ပါတယ်။ ဒါပေမယ့် ဆံသားအဖျားက နှစ်ခုကွဲပြီး ကျိုးပြတ်တာကြောင့် ဆံပင်က ရှည်ထွက်မလာပါဘူး။ ဆံပင်အဖျားတွေကို လိမ်တာ၊ ခေါက်တာတွေ မလုပ်သင့်ပါဘူး။ နေရောင်ခြည်ထိတွေ့မှုနဲ့ အပူပေးပြုပြင်တာတွေ ရှောင်ပါ။

အပူပေးပြီးဆံပင်ပြုပြင်ခြင်း။

အပူပေးပြီး ဆံပင်ပြုပြင်မှုတွေ မကြာခဏလုပ်တာကြောင့် ဆံသားတွေ ပျက်စီးတတ်ပါတယ်။ ဆံပင်ပြုပြင်မှု အများစုဖြစ်တဲ့ လေမှုတ်အခြောက်ခံတာ၊ ဆံပင်ဖြောင့်တာ၊ အပူချောင်းသုံးပြီး ဆံပင်ကောက်တာ စတာတွေကို အပူပေးပြီး လုပ်ဆောင်ရပါတယ်။ အပူပြင်းပြင်းပေးတာက ဆံသားရဲ့
အပေါ်ယံအလွှာကို ပျက်စီးစေပြီး ဆံပင်သန်စွမ်းမှုကို ဟန့်တားထားပါတယ်။ ဆီကြည်သုံးတာက ဆံသားအစိုဓာတ်ကို ဖြည့်ပေးပြီး ဆံသားရဲ့ အပေါ်ယံအလွှာ ပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။

အစားအစာ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ပါက ဆံသားသန်စွမ်းမှု မရှိ ဖြစ်တတ်ပါတယ်။ ဖာရင်တင်၊ ဇင့်၊ဗီတာမင်ဘီ-၁၂၊ စတာတွေက ဆံပင်သန်စွမ်းပြီး အရှည်မြန်စေပါတယ်။ သံဓာတ်နဲ့ပရိုတင်းက ဆံပင်သန်စွမ်းစေပြီး အဖျားနှစ်ခွ ဖြစ်တာနဲ့ ဆံပင်ပျက်စီးတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခန္တာကိုယ်မှာ ဖရင်တင် ချို့တဲ့ပါက ဆံပင်ပြန်ပေါက်တဲ့ဖြစ်စဉ်ကို နှေးစေတာကြောင့် ဆံပင် ကျဲပါးလာပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်မှုနည်းတာ၊ များတာတွေကလည်း ဆံပင် ရှည်ထွက်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ဆံသားအတွက် အဟာရပြည့်ဝစွာ စားသုံးပြီး
ဖြည့်စွက် သောက်သုံးချင်တယ်ဆိုရင်တော့ ဘိုင်အိုတင်သောက်ပါ။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment