Thursday 31 October 2013

တစ်နေ့ ငါ့ရှေ့မှာ



တစ်နေ့ ငါ့ရှေ့မှာ ဒူးထောက်လာစေရမယ်ကွ

ရွာသာယာရွာက အောင်မင်း ဆိုရင် အများသိကြမှာပေါ့ ....။ တကောင်ကြွက် ... မိမရှိ ဖမရှိ ...။
အဆွေတော်လေးက မွေးစားထားလို့ လူလားမြောက်လာရရှာတာလေ။ ဆင်းရဲသား အနုတ်စုတ် ဂုတ်စုတ်ပေါ့ဗျာ

ဒါပေမယ့်ဗျာ ... ငမွဲမှာလဲ အသည်းနဲ့ပါ။

လူ ဆင်းရဲပေမယ့် ချစ်တတ်တဲ့အသည်းကတော့ ခွဲပြလို့ ရမယ်ဆိုရင် ကမ္ဘာမြေပြင်နဲ့ မဆန့်အောင် ကျယ်ပြန့်ရှာပါတယ်။

ဒီလိုပြောလို့ အောင်မင်း အသည်းကြီးနေတယ် ... အရက်သောက်တာ လျှော့ပါလို့ မတိုက်တွန်းပါနဲ့ ....
သူ အရက်မသောက်တတ်တာ အားလုံး အသိပါ။
(၀ယ်သောက်ဖို့ ပိုက်ဆံမရှိလို့လေ)

ဒီလိုနဲ့ အရွယ်လေးရောက်လာတအောင်မင်း ဟာ ရွာသူလေးတစ်ယောက်ကို ချစ်မိသွားတယ် ... ။
ချစ်မိတော့လဲ သူ့အခြေ သူ့ဘ၀ နိမ့်ကျနေတော့ ဖွင့်မပြောဘူးရယ်လို့ နေတာပေါ့ဗျာ ...။
ရွာသူလေးကလဲ သူ့ကို တော်တော်လေး ခင်နေ .... နေ့စဉ် တွေ့မြင်နေတော့ သူ နေလို့မရတော့ဘူး ...။
ဒါနဲ့ပဲ တစ်နေ့မှာ ဖွင့်ပြောလိုက်ပါရော ... အဲဒီအခါ ကောင်မလေးက အပေါ်နှုတ်ခမ်းလေးကို တွန့်ကနဲ ပြုံးလိုက်ပြီး

““ ဟဲ့ ... အောင်မင်း ..... နင်လို မိမရှိ ဖမရှိ တကောင်ကြွက် တစ်မျက်နှာက ငါ့လို သူဌေးသမီးကို ချစ်သတဲ့ ဟုတ်လား ...””

““ နင့်ကိုယ်နင် ပြန်ကြည့်စမ်း .... အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ... ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း .... သွား ....
နောက်ဘယ်တော့မှ ငါ့ရှေ့မလာနဲ့ .... သွား .....””

ဆိုပြီး ရက်ရက်စက်စက် ငြင်း ပစ်ပစ်ခါခါ နှင်ထုတ်လိုက်ပါတယ် ....။

အောင်မင်း ခမျာ .... နားထဲကို သံရည်ပူနဲ့ ပက်သွင်းသလို ... ရင်ဝကိုလဲ တန် ၁၀၀၀ နျူးကလီးယားဗုံးနဲ့ ကပ်ပြီး ခွဲလိုက်သလို
ရဲကနဲ(မျက်နှာ) ကွဲကနဲ (အသည်း) ဖြစ်သွားတာပေါ့။

အသည်းကွဲတဲ့အောင်မင်း....ဟာ မုတ်သုံလေ လို ပုလင်းကိုင်ပြီး မှိုင်မနေဘူး။
လူလူချင်းအတူတူ ဒါလေးပြောတာနဲ့ ငါ့ကို ဒီလောက်ထိ နှိမ်တဲ့မင်း .... ဒင်း တော့ တစ်နေ့ တွေ့အုံးမယ် ဆိုပြီး အငြိုးထားလိုက်ပါတယ်။

အဲဒါနဲ့ အောင်မင်း..လည်း...

““ အေး .... ငါ့အချစ်ကို လက်မခံရင်နေပါ .... ငါ့မေတ္တာကို မစော်ကားနဲ့ ....””

““ နင့်ကို ရင်ပွင့်မတတ်ချစ်တတ်ခဲ့လို့ နင်က ဒီလို စော်ကားတာလား ....””

““ ဒီမှာအမိ ... လူမွဲမှာလဲ အသည်းနဲ့ပါ .... အသည်းနှလုံးရှိရင် ချစ်မှာပဲ ....””

““ ယောက်ျားတို့ဘုန်း မိုးသို့ခြုန်း တဲ့ မင်းမြဲမြဲမှတ်ထား ....””

““ ဒီစကားပြောတဲ့အတွက် မင်းတစ်နေ့ကျရင် ငါ့ရှေ့မှာ ဒူးထောက်စေရမယ်””

အဲဒီလိုပြောပြီး အိမ်ပေါ်ကနေ ဆောင့်ဆောင့်နဲ့ ဆင်းသွားပါတယ် ....။

ကောင်မလေးလဲ အောင်မင်း..ရဲ့ စကားကို ကြားလိုက်ရတော့ စိုးတထိတ်ထိတ်နဲ့ မျက်လုံးလေး အ၀ိုင်းသား နောင်တတရားများစွာနဲ့ ကြည့်နေပါတယ်။
ခြံဝင်းတံခါးဝ ရောက်တော့ အောင်မင်း....က တခါ နောက်ပြန်လှည့်ပြီး လက်ညှိုး ငေါက်ငေါက် ထိုးကာ

““ ဒီမှာ .... မင်းကိုငါ ထပ်ပြောလိုက်မယ် .... နင်တစ်နေ့ ငါ့ရှေ့မှာ ဒူးထောက်စေရမယ်
မှတ် .... ထား .... လိုက် ””

ဒီလိုနဲ့ အောင်မင်း..တစ်ယောက်...ရွာကနေ အစအန ပျောက်သွားပါတော့တယ် ....။
ရွာသားတွေကတော့ သူ့ကို မေ့မေ့ပျောက်ပျောက် ရှိနေပေမယ့် ကောင်မလေးခမျာတော့ မမေ့ရဲဘူးလေ။
ဇာတ်ကားတွေထဲကလို စစ်ဗိုလ်ကြီးဖြစ်ပြီး ဘယ်အချိန်မှာများ သေနတ်ကြီးကိုင်ပြီး လာမလဲ။
ဘယ်အချိန်မှာများ သူဌေးကြီး အဖြစ်လာပြီး သူ့ကို ငွေထုပ်နဲ့ ပေါက်ပြီး သိမ်းမလဲပေါ့ ....
ရက်မှလ လမှနှစ် ရာသီတွေ ပြောင်းသွားပေမယ့် အောင်မင်းကတော့ ပျောက်ချက်သား ကောင်းနေပါတယ် ....

ကောင်မလေးလဲ တဖြည်းဖြည်း မေ့တော့မယ်ဆိုကာမှ မောင်မင်းကြီးသားအောင်မင်းဟာ ဘွားကနဲပေါ်လာတယ် ...။
သူ ရွာကို ရောက်ရောက်ချင်း ပထမဆုံးဝင်တဲ့အိမ်က ကောင်မလေးရဲ့ အိမ်ပါပဲ ....။
ကောင်မလေးလဲ အစက ကြောင်ကြည့်နေပြီးမှ ပြောင်းလဲသွားတဲ့ အောင်မင်းရဲ့ ရုပ်ကို မှတ်မိပြီးထိုင်ခုံလေးကို အပြေးကလေး သွားယူပြီး ခေါင်းရင်းခန်းမှာ ချထားလိုက်တယ်။ ပြီးတော့ ရေအေးအေးလေးတစ်ခွက် အပြေးခပ်ပြီး အောင်မင်း..ကို ပေးတယ်။

ပြီးတော့ အောင်မင်းရှေ့မှာ ဒူးလေးတုပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေရှာပါတယ်။

အော်.... အောင်မင်း... အောင်မင်း.. အပြောနဲ့အလုပ် ညီအောင် လက်စားချေနိုင်တာပဲ .... ။

အောင်မင်း ကလည်း သူ့ လက်စားချေမှု အောင်မြင်တဲ့အနေနဲ့ ကောင်မလေးကို ပြောလိုက်ပါတယ် ...။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
" ဘယ်လိုလဲ ဒကာမလေး .... အခု ကျုပ်ရှေ့မှာ ဒူးတုပ်နေရပြီ မဟုတ်လား ".....တဲ့။

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ
စိတ်ကူးပျော်ရာ

Latest Myanmar News

No comments:

Post a Comment