ရုံးဆင်းနောက်ကျသည့်အပြင် လိုင်းကားကကျပ်၍ ဦးအုန်းတစ်ယောက်အိမ်သို့ညနေ ၆နာရီခွဲ
သာသာလောက်မှ ရောက်သည်။ ရုံးတွင်ဖြစ်ခဲ့သော အဆင်မပြေမှုများကြောင့် ဒေါသအရှိန်က
အိမ်ရောက်သည် အထိ ပါလာသည်။
သည်နေ့တော့ အငယ်ဆုံးမ ဘယ်သွားနေသည်မသိ။ အလတ်ကောင်
တစ်ယောက်တည်း လာကြိုနေသည်။ မောင်ထွန်းသူက ဖေဖေဟု ခေါ်လိုက်သော်လည်း ဦးအုန်းတစ်ယောက်
ဝမ်းသာအားရ ပြန်ထူးဖို့ သတိမရ။ ၀တ်ကျေတန်းကျေ မချိပြုံးတစ်ချက်သာ ပြုံးပြပြီး
သားကို လက်ဆွဲကာ အိမ်ထဲအထိ ၀င်ခဲ့သည်။ အိမ်ရှေ့ခန်းထဲရောက်သည်နှင့်
အပေါ်အင်္ကျီကိုချွတ်ကာ ချိတ်တွင်ချိတ်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်
ထိုင်ချလိုက်သည်။ ထူးခြားသည်က မောင်ထွန်းသူလေး သူ့ဘေးနားမှာ
ရစ်သီရစ်သီလုပ်နေခြင်းပင်ဖြစ၏။
တစ်ခုခုများ ပြောချင်နေသလားမသိဘူး။ ငါ ဆရာမကိုလည်း
ကတိပေးထားတယ်လေ။
သားလတ်လေး.... လာလေ ဖေဖေ့ကို ဘာမေးချင်လို့လဲ။
ဖေဖေ... ဖေဖေ့လစာကို နေ့တွက်နဲ့တွက်လိုက်ရင် တစ်ရက်ကို ဘယ်လောက်ရသလဲဟင်။
ဦးအုန်းထောင်းခနဲ ဒေါသထွက်သွားသည်။ ယဉ်ကျေးသူများသည် သူတစ်ပါး၏ လစာငွေကို ဘယ်သောအခါမှ မေးမြန်းခြင်းမရှိသည် မဟုတ်ပါလော။
ဟေ့ကောင်... အဲ့ဒါမင်းနဲ့ဘာဆိုင်သလဲ။ ကလေးက ကလေးစကား မပြောဘူး။ ဒေါသကြောင့် ပြောလိုက်သော စကားသံက အတော်ကျယ်လောင်သွားရာ မောင်ထွန်သူကလေးသည် ဆတ်ကနဲ တစ်ချက်တုန်သွားကာ သူ့အခန်းထဲ ၀င်သွားတော့သည်။ ခဏနေမှ ဦးအုန်း နောင်တ ရပြန်သည်။
သြော်.... ငါဟာ ကလေးကို လူကြီးနဲ့ တန်းတူ သတ်မှတ်ပြီး စိတ်ဆိုးနေတာ သဘာဝမကျပါလား။ ဒီလို မေးတယ်ဆိုတာ ငါ့သားမှာ အကြောင်းတစ်ခုခု ရှိလို့နေမှာပဲ။ ကဲ..... ငါလိုက်မေးအုံးမယ်။
ဦးအုန်း မောင်ထွန်းသူ ၀င်သွားရာ အခန်းထဲသို့လိုက်သွားသည်။ မောင်ထွန်းသူလေးတစ်ယောက် သူ့အိပ်ရာထဲတွင် တစ်ယောက်တည်း ခွေခွေလေး လဲလျောင်းနေသည်ကို တွေ့ရသည်။ တန်တော့ ဟိုသုံးယောက်တော့ ကားကောင်းတင်လို့ ဗီဒီယိုရုံ သွားကြပြီထင်တယ်။
သြော်... ဆရာမပြောတာ အမှတ်ရပြီ။
မနေ့က ကျွန်မ တစ်တန်းလုံးကို အဖေ့အကြောင်း စာစီစာကုံး
ရေးခိုင်းပါတယ်။ မောင်ထွန်းသူ ရေးတဲ့အထဲမှာ ဦးအုန်းက အကြီးဆုံးသားနဲ့
အငယ်ဆုံးသမီးကို ချစ်ပြီး သူ့ကိုတော့ ချစ်ပုံမရဘူးလို့ ရေးထားပါတယ်။ ဒီအရွယ်တွေဟာ
အမေ့မေတ္တာနဲ့ တန်းတူအဖေ့မေတ္တာကိုလည်း လိုချင်ကြပါတယ်။ အဲ့ဒါကြောင့် ဦးအုန်းအနေနဲ့
မောင်ထွန်းသူလေးကို တတ်နိုင်သမျှ ဂရုစိုက်ပြီး
ယုယစေချင်ပါတယ်။ ဒီအတွက် ကလေးက မကြာခဏ မှိုင်မှိုင်နေတာကို တွေ့ရပါတယ်။ အရင်က ဘာဖြစ်မှန်း
မသိဘူး။ ဒီစာစီစာကုံး ရေးခိုင်းမှ သူ့ရင်ထဲက ခံစားချက်ကို သိရတော့တာပါပဲ။
ဆိုတဲ့ စကားများ ပြန်လည်ကြားယောင်ပြီး
ဟုတ်သားပဲ ဒီသားလတ်လေးကျမှ အိမ်စောင့်ထားခဲ့ကြတာကိုး။ လက်မ
၇၀တီဗီတော့ မ၀ယ်နိုင်သေးဘူး မဟုတ်လား။ ရုံမှာက ၇၀နဲ့ပြတာလေ။
ကဲ... သားလေး လာ သားလေးသိချင်တာ ပြောပြမယ်။ ဖေဖေရဲ့တစ်ရက်
နေ့တွက်က သုံးထောင် ရတယ် သားရဲ့။
မောင်ထွန်းသူက ဦးအုန်းနားသို့ လျှောက်လာကာ
ဖေဖေ့မှာ ငါးရာလောက် အလွယ်ရှိလားဟင်။
ဟင်.... သားက ဘာလုပ်မှာတုံး။
ခဏ ချေးမှာလေ တစ်ပတ်လောက်ရှိတော့ ပြန်ပေးမှာပေါ့။
ဟင်.... သားက ဘာလုပ်မှာတုံး။
ခဏ ချေးမှာလေ တစ်ပတ်လောက်ရှိတော့ ပြန်ပေးမှာပေါ့။
ဟာဒီကောင် နားရင်းရိုက်မိတော့မယ်။ ဒီအရွယ်လေးကများ အဖေ့ဆီက ပိုက်ဆံ လာချေးရတယ်လို့
ဟု ပြောရင်း လက်ကိုမြှောက်လိုက်ရာ မောင်ထွန်းသူလေးသည် ၀မ်းနည်းပန်းနည်း ရှိုက်ကြီးတငင် ငိုပါလေတော့သည်။ ငိုနေသော သားကိုကြည့်ပြီး ဦးအုန်း တော်တော် စိတ်မကောင်းဖြစ်သွားသည်။
သြော်..... ငါ တော်တော်မှားတာပဲ။ မေတ္တာနဲ့ ဖြေရှင်းလို့ရတဲ့ဟာကို
ဘာလို့များ ဒေါသနဲ့ ဖြေရှင်းချင်နေတာပါလိမ့်။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ကိစ္စကျတော့
စိတ်ဝင်စားပြီး သားသမီးနဲ့ ပတ်သက်တာကျတော့ ဘာလို့ စိတ်မ၀င်စားဖြစ်နေရတာပါလိမ့်။ တကယ်တော့
ဒီငွေရေးကြေးရေး ဆိုတာ ဒီသားသမီးတွေ စိတ်ချမ်းသာဖို့ အတွက်ပဲ မဟုတ်လား။ သားသမီးတွေမှ
စိတ်မချမ်းသာရင် ဒီငွေကြေးက ဘာ အဓိပ္ပါယ်ရှိတော့မလဲ… ဟု တွေးမိမှ ဦးအုန်းတစ်ယောက်
သားလတ်၏ ဘေးတွင် သေချာထိုင်ကာ ပြန်ချော့ပြီး မေးရပြန်သည်။
ဟောဒီမှာ သားလေးလိုချင်တဲ့ ငါးရာရော့... ယူ။
ဝမ်းသာလိုက်တာ ဖေဖေရယ်။
ဟု ပြောပြီး မောင်ထွန်းသူလေးက ဦးအုန်းလက်ထဲမှ ငါးရာတန်ကို လှမ်းယူပြီး သူ့အိပ်ယာဘက်သို့ ထွက်သွားသည်။ ဦးအုန်းက စိတ်ဝင်တစား သေချာလိုက်ကြည့်နေမိသည်။
မောင်ထွန်းသူသည် သူ့ခေါင်းအုံးကိုယူပြီး
ခေါင်းအုံးအောက်ပိုင်း ခေါင်းအုံးစွပ်ကြားထဲသို့ နှိုက်လိုက်သည်။ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သောအခါ
ငါးဆယ်တန်များ တစ်ရာတန်များ ပါလာသည်။ ဦးအုန်း သေချာသိလိုက်ပါပြီ။ သားလေးသည် သူ တစ်ရက်မုန့်ဖိုး
ငါးဆယ် ရသည်ကို မစားရက်မသောက်ရက် စုထားခြင်းပါလား သားလေး ဘာများဝယ်ချင်ပါလိမ့်။ သားလေး
သူ့နားကို ပိုက်ဆံတွေ ကိုင်လျက် ရောက်လာသည်။
ဟောဒီမှာ သားမုန့်ဖိုးရတဲ့ ငါးဆယ်ကို နေ့တိုင်းစုထားတာ။ နှစ်ထောင့် ငါးရာ။ အခု ဖေဖေ့ဆီက ငါးရာ။ စုစုပေါင်း သုံးထောင်။ ရော့ ဖေဖေယူလိုက်။
ဟင် သားဆီက ငွေတွေယူပြီး ဖေဖေက ဘာလုပ်ရမှာတုံး။
ဖေဖေ တစ်ရက် အလုပ်မသွားဘဲ သားနားမှာ နေပေးရမယ်။ ပြီးတော့ သွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေးရမယ်လေ။
သားလေးရယ်…
ဦးအုန်း မျက်ရည် မဆည်နိုင်တော့။ သားလေးကို ဖက်ပြီး သားရဲ့ မျက်နှာတစ်ပြင်လုံး နေရာအနှံ့ နမ်းလိုက်မိသည်။ ဦးအုန်း မျက်ရည်တို့ကလည်း သားမျက်နှာနှင့် တစ်ကိုယ်လုံးမှာ စိုရွှဲကုန်ပါပြီ။
တကယ်တော့ သားလေးက သူ့ဆီက ဖခင်မေတ္တာ တစ်ရက်စာကို သူစားမယ့်
ရက်ခြောက်ဆယ်စာ မုန့်ဖိုးလေးတွေကို စုပြီး ၀ယ်နေတာ မဟုတ်လား။
(၀န်ခံချက်) နှစ်အတော်ကြာက ဖတ်ခဲ့ရသော ဖြစ်ရပ်မှန်တစ်ခုကို ခံစားရေးဖွဲ့ပါသည်။
မေတ္တာရှင်(ရွှေပြည်သာ)
No comments:
Post a Comment