Wednesday 23 October 2013

သမီး မိန်းကလေး



Today Myanmar
လစာလေး လက်မနွေးခင် ၀ယ်စရာရှိတဲ့ ဆန်၊ဆီ၊ဆား လိုအပ်တာတွေ ၀ယ်ဖို့ ညီအမနှစ်ယောက် တယောက်လက် တယောက်ချိတ်ပြီး ဈေးရှိရာ ထွက်လာကြတယ်။ 

အထပ်မြင့်လွှာမှာ နေရတယ်ဆိုပေသည့် (၄)လွှာဆိုတာက မနိမ့်လွန်း မမြင့်လွန်း မဟုတ်လား။ ဈေးကလည်း ကိုယ့်အနီးအနားမှာ ရှိလေတော့ အိုကေမှာ စိုပြေနေတော့တာပေါ့။ ၀ယ်စရာ တလတာ အတွက်ခေါင်းစား ရင်း ၀ယ်နေကျ ကုန်စုံဆိုင်ကို ၀င်မိတော့ လူတွေမှပြုံတိုးလို့။ ဆိုင်တွေက အများကြီးရှိပေသည့် ဒီဆိုင်လေးက ဈေးလည်းသက်သာ ဆက်ဆံရေးလည်း ကောင်းတာမို့ ဘာပဲဖြစ်ဖြစ် ထိုင်စောင့်ရလည်း တန်ပါတယ်။ 

ဒါနဲ့အေးအေးသက်သာ စောင့်နေစဉ် မှာပဲ ကျွန်မတို့လို ၀ယ်ဖို့၊ ကုန်ချိန်ဖို့ရောက်လာတဲ့ အမျိုးသမီး နှစ်ဦး ပြောနေတဲ့စကားက နားထဲသို့…

“အမလေး အိမ်ကအငယ်ဆုံးမလေ… သမီးမိန်းကလေးဆိုတော့ ခုကတည်းက ဂရုစိုက်နေရတယ်… တခြား တော့ မဟုတ်ဘူးဟေ့… ခုခေတ်က ၀တ်ကြ၊ စားကြတာသိကြတဲ့အတိုင်း အတိုအပြတ်လေးတွေဆိုတော့ တော်ကြာဒဏ်ရာ အနာတရတွေနဲ့ သူများလို စကပ်တို၊ ဘောင်းဘီတို ၀တ်ချင်တဲ့အခါ အခက်တွေ့ နေမှာစိုးရတယ်… ခုချိန်ကတော့ လျှောက်ဆော့ နေတဲ့အချိန်ဆိုတော့ မသိသေးဘူးပေါ့… ဒါတောင် ကိုယ်ကဂရုစိုက် လွန်ရင်သူက စိတ်တိုသေးတယ်… ”

ပူတာပူတာ သမီး မိန်းကလေးကို ငယ်ငယ်ကတည်းက အတိုအပြတ် ၀တ်စေဖို့ မြေတောင်မြောက် အားပေးပျိုးထောင်လို့။ တတ်သိနားလည် လိုက်တဲ့အမေ။ ဟိုတယောက်ကလည်း အားကျမခံ

“အမရယ်… အိမ်ကအငယ်မကတော့ အမသမီးနဲ့ရွယ်တူဆိုပေသည့် ခုကတည်းက အလှအပက ရွေး သလား မမေးနဲ့ ၅နှစ်နဲ့တောင် မလိုက်ဘူး အကျီအ၀တ်အစားနဲ့ ဖိနပ် လိုက်အောင်ဝတ်တာနော်။
ဖိနပ်ဆိုလည်း အမြင့်မှစီးတာ။ ခုကတည်းက ပြောလို့မရဘူး အမရေ။ မနေ့ကဆို သူ့အမဖိနပ် ဒေါက် တလံလောက်ကို ကောက်စီးတာနော်။ ဖိနပ်ကကြီးလွန်းလို့ နောက်က ပိုထွက်နေတော့ လဲမှာ စိုးလို့ တဟဲ့ဟဲ့ လုပ်နေရတယ်။ အပြင်ထွက်ရင်လည်း ဘယ်လောက်တားတား အတိုဝတ်ရမှ ထွက်တာ….”

ကဲကြည့် စမ်း…. ဖြစ်ပုံ။ ခုကတည်းက ရှေ့ရေးအတွက် တိုတက်ဖို့ပြင်ဆင်နေပြီ။ 

အမျိုးမျိုး ပြောင်းလဲလာတဲ့ ခေတ်ကာလ ရေစီးကြောင်းမှာ ဗောလောမှောက်ခုန်မြောဖို့ တာစူနေပြီထင်ပါရဲ့။
“နေပါအုံး… သမီးအကြီးက အသက်ဘယ်လောက် ဖြစ်သွားပြီတုန်း”
“၂၀ပြည့်တော့မယ် အမရေ..  ရည်းစားက ထားချင်နေပြီ… ကျွန်မက ကြမ်းထားတော့ မလှုပ်ရဲဘူး…”

“ဟဲ့…. အမလေးလေ… သွားမကြမ်းရဘူး… ဒီအရွယ်ဆိုတာ…  ငါက သမီးမိန်းကလေးချည်း (၃)ယောက် မွေးထားပါအေ။ သမီး မိန်းကလေးဆိုတာ ချုပ်ချယ်ထားတိုင်း မရဘူးအေ့။ လွတ်ထွက်တတ်တယ် ဘာမှတ်လဲ။ အိမ်က သမီးကြီးဆိုရင် နုံတုံတုံ၊ ထုံအအ နဲ့ ဟိုမသွားရဲ၊ ဒီမသွားရဲ အေးတိအေးစက်… သူ့အဖေ နဲ့တူတာ… ငါ ဘယ်လိုပုံသွင်းသွင်းမရ…  သူ့ ကံလေး ကောင်းလို့သာ ယောက်ျားကောင်းရတာ… ခုသမီးလတ်နဲ့ သမီးငယ်ကတော့ ငါပုံသွင်းတိုင်း ရပါ့။ ကိုယ်က သမီးရှင်လေ မဖြစ်သင့်တာ မဖြစ်ရအောင် သူငယ်ချင်းလို ပေါင်းထားရတယ်။

ရည်းစားတ ထောင် လင်ကောင်တယောက် မဟုတ်လား။ တယောက်ထဲကို ကြိုက် အဲ့ဒီ တယောက်နောက် လိုက်ပြီး မတူမတန်တွေ ဖြစ်သွားမှဖြင့် ရင်ကျိုးရချည်ရဲ့။ စဉ်းစားကြည့်လေ (၅)ယောက်ထဲက (၁)ယောက် ရွေးတာနဲ့၊ ဒီတယောက်ပဲမြင် ဒီတယောက်ပဲကြိုက် ဒီလူ့ကိုပဲ ရွေးတာနဲ့ ဘယ်သူ သာမတုန်း။ ပြောတော့ ထားရသေးတယ်။ ကိုယ့်ဖက်ကတော့ မပါသင့်တာမပါစေနဲ့လို့။ ရည်းစားထား ရွေးချယ်ခွင့် ရှိဖို့ မျက်စိဖွင့်ပေးရတယ်။ သူတို့သွားပြီး အကျပ်ကိုင်ကြမ်းလို့မရဘူး။ ဒို့တုန်းကဆို အဖေကညဆူ မနက် ခိုးရာလိုက်ဖြစ်တာမျိုး။”

ဘုရားရေ… အေးတိအေးစက်နေတတ် တဲ့သူကျတော့ ကံကောင်းလွန်းလို့ ကောင်းတဲ့ ယောက်ျား ရတာ တဲ့။ ရည်းစားထားဖို့ မျက်လုံး ဖွင့်ပေးထားတယ်ဆိုတော့ ဟိုကလေးက အဟုတ်ကြီးမှတ်လို့ ပွင့်ပွင့်လင်းလင်း ဟောတယောက် ဟောတယောက်တော့မဲ့ ဒီဇိုင်း။

အတွေ့အကြုံတခုကို လက်ကိုင်ထားလို့ အိမ်ထောင်ဖက် ရွေးပွဲကြီး ၀င်နေသလိုပေါ့။ ဒီစကားသံတွေကို ကျွန်မအမေလုပ်သူကို recordလေးလုပ်ပြီး ဖွင့်ပြလိုက်ချင်စမ်းရဲ့။ ဒီအတိုင်းသာ အမေကျင့်သုံးခဲ့ရင်လေ ခုနအမျိုးသမီးတွေ သူဖြစ်စေချင်တိုင်း သမီးတွေက လိမ္မာရင် လိမ္မာနိုင်ပေမဲ့ ကျွန်မဆိုတဲ့ မိန်းမကတော့ မိုက်မဲ့ဇာတာရှိတယ်လို့ပြောမလား။

ဒီလမ်းကြောင်းပေါ်သာ တင်ပေးလိုက်လို့ကတော့ ခုလိုအလုပ်အကိုင်၊ ခုလိုစာတွေ ရေးနေခွင့်တောင် ရလိုက်မှာမဟုတ်။ ကြာပြီ တနေရာရာမှာ တကောင်ကောင်ဖြစ်နေမှာ…

ပြောပြောဆိုဆို လိုရာပစ္စည်းတွေကို တဟောဟော တဒိုင်းဒိုင်းမှာရင်း ကျသလောက်ရှင်းလို့
“သွားတော့ မယ်နော်… ပြန်မှ ချက်ရမှာ ချက်ပြုတ်ပြီးမှ အလတ်မကို နှိုးရမှာ ညက ကိုရီးယားကား တညလုံး ထိုင်ကြည့် တာ…. မနက်ကျ မထနိုင်တော့ဘူး.. ထမင်းထစားခိုင်းပြီးမှ ပြန်အိပ်ခိုင်းရတော့မှာ… သွားပြီနော်…”. 

သုတ်သီးသုတ်ပြာ ထွက်သွားရှာတဲ့ သမီးမိန်းကလေးဆိုတဲ့ စကားတွေကိုသာ ထည်လဲသုံးလို့ နည်းလမ်း ကောင်းတွေပေးသွားပါသော သမီးတို့အမေကိုသာ ကျွန်မ တလေးတစားကြည့် လိုက်ရင်းက သက်ပြင်း တချက်ချလိုက် မိပါတော့တယ်…

သမီးမိန်းကလေး တယောက်အတွက် သာမက ကျားမဘယ်သူမဆို ငယ်စဉ်အခါကတည်းက အသိဥာဏ်တွေ၊ စဉ်းစားတွေးခေါ်တတ်တဲ့ ဦးနှောက်တွေ အားလုံးကို ဖယောင်းရုပ်ကို ပုံသွင်းသလို လိုအပ်ချက်၊ ပြင်ဆင်ရမဲ့ အရာတွေကို တခုချင်းပြောပြ၊ နားချမှ သိမြင်လာ ဆုံးဖြတ်ချက်တွေ မှန်ကန် လာနိုင်တယ် မဟုတ်ပါလား။ 

ငယ်စဉ်က ကျောင်းဖတ်စာအုပ်ထဲက ကျေးနှစ်ကောင်လို တရား ဓမ္မစကားသံတွေ ကြားရတဲ့ ကျေးနဲ့ သူခိုးဓါးပြတွေ ဆီမှာကြီးပြင်းလာတဲ့ ကျေးတို့ရဲ့ နှိုင်းယှဉ်ချက်မှာ ရွေးချယ်မှု မဆိုထားနဲ့ အပြောအဆိုတောင် မတူညီကြတဲ့ အဖြစ်အပျက်တခု မဟုတ်ပါလား။ မိဘနှစ်ပါးရဲ့ စကားက ကိုယ့်အရိပ်မှာ နေနေရတဲ့ ကလေး တွေရဲ့နားမှာ အသေမှတ်သားစရာ စည်းမျဉ်းတခုလို ဖြစ်နေတတ်တဲ့အတွက် အယူမှားခြင်း တခုကိုရောက် ဖို့ တွန်းပို့နိုင်တာလဲ မိဘများရဲ့ စကားရပ် တခုပဲ မဟုတ်ပါလား။ 

ခု ဒီဘလော့လေးကို ရေးလိုက်ရခြင်းက အတင်းပြောခြင်းမျိုးဖြင့် ရေးသားခဲ့ခြင်း မဟုတ်ပဲ ပျိုမေများ အားလုံး ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်စေချင်တဲ့ စိတ်ဆန္ဒပဲဖြစ်ပါတယ်ရှင်… သမီးမိန်းကလေးများ မှန်ကန်သော ဆုံးဖြတ် ချက်ဖြင့် မှန်ကန်သော ရည်ရွယ်ရာ လူတဦး တယောက်၏ ရင်ခွင်တွင်းသို့ အစက်အပျောက် ကင်းစွာ ခိုလှုံနိုင်ပါစေနော်…

Credit to ရေကြည်သူ

No comments:

Post a Comment